Wednesday, April 30, 2014

ခရီးသည်များကို အဓိပတိယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းရိုက်နှက်သည်ဟု ဆိုကာ အမှုဖွင့်

ဇော်ဇော်ထွေး

အဓိပတိ(အပြာ)ခရီးသည်တင် ဘတ်စ်ကားမှ ယာဉ်နောက်လိုက် သုံးဦးတို့က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သည်ဟု ရွှေပြည်သာမြို့နယ်နေ ရေခဲမုန့်ရောင်းသူ ကိုဇေယျာမျိုး (၃၂)နှစ်က စွပ်စွဲတိုင်တန်းထားရာ အလုံရဲစခန်းက ဧပြီ ၂၇ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

တရားလိုသည် ရေခဲမုန့်ရောင်းသူ သူငယ်ချင်း နှစ်ဦးနှင့်အတူ နေအိမ်သို့ပြန်ရန် ည ၈ နာရီခွဲအချိန်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဆင်းမင်းဈေး မှတ်တိုင်တွင် ကားစောင့်ခဲ့သည်ဟု ရဲစစ် ချက်တွင် ထွက်ဆိုထားသည်။

ထိုစဉ် အဓိပတိ (အပြာ)ယာဉ် တစ်စီးသည် မှတ်တိုင်သို့ရောက်ရှိလာသဖြင့် သူငယ်ချင်းဖြစ်သူ မျိုးမြင့်ကျော် က ကား ဘယ်ထိရောက်လဲဟု မေးမြန်းရာမှ ယာဉ်နောက်လိုက်များနှင့် စကားများခဲ့သည်ဟု ဆိုသည်။

ယင်းသို့ စကားများရာတွင် ယာဉ်နောက်လိုက် သုံးဦးတို့က ညစ်ညမ်းစွာ ဆဲဆိုပြီး ယာဉ်ပေါ်မှတုတ်များဖြင့် ရိုက်ခဲ့သ ဖြင့် မျိုးမြင့်ကျော် တွင် ၀ဲ/ယာချိုစောင်း နှစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်စီနှင့် ၀ဲနဖူး/၀ဲမျက်ခမ်းစပ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲစခန်းအမှုဖွင့်ရာတွင် ထည့် သွင်းပြောထားသည်။

ထို့ပြင် သူငယ်ချင်းဖြစ်သူ ရေခဲမုန့် ရောင်းသည့် မင်းသက်ပိုင်တွင်လည်း နဖူးထိပ် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ ၀ဲတံတောင်ပွန်းစုတ်၊ ယာရင်အုံပွန်းဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် မစိုးရိမ်ရ လူနာအဖြစ် တက်ရောက်ကုသခဲ့ရသည်ဟုလည်း ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်ပြီး အဓိပတိ(အပြာ)ယာဉ်နောက်လိုက် သုံးဦးအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းသဖြင့် အလုံရဲစခန်းက(ပ)၉၉/၂၀၁၄ဖြင့် အမှုဖွင့် ဆောင်ရွက်ကာ တိုင်တန်းခံထားရသူများကိုလည်း ဖမ်းဆီးစစ်ဆေးသွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၂၉၄/၃၂၅/၁၁၄ တို့ဖြင့် အရေးယူ သွားမည်ဟု ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

No comments: