Tuesday, April 29, 2014

မိကရင်ကျေးရွာတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးဆွေးနွေး

နော်နိုရင်း

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး အစိုးရနဲ့ ဒေသခံတွေ၊ ကရင်အမျိုးသားအစည်းအရုံးတို့ မနေ့က တွေ့ဆုံ ဆွေးနွေးရာမှာ ဒေသခံ တချို့ရဲ့ ကန့်ကွက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဘားအံမြို့နယ် မိကရင်ကျေးရွာအနီး ဘိလပ်မြေစက်ရုံသစ် တည်ဆောက်ဖို့အတွက် စက်ရုံ တည်ဆောက်မယ့် ကုမ္ပဏီ၊ ကရင်ပြည်နယ်ဝန်ကြီးတွေ၊ ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိ သူတွေနဲ့ ဒေသခံရွာသားတွေ ဧပြီ ၂၈ ရက်နေ့က မိကရင်ရွာမှာ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

မိကရင်တောင်ရွာအနီး ဘိလပ်မြေတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့မတ်လက မြန်မာပြည်တွင်းအခြေစိုက် မြန်မာ ဂျီဒေါင် ဆင့်မန့် ကုမ္ပဏီ (Myanmar Ji Dong Cenment) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သထုံခရိုင် တပ်မဟာ ၁ တို့ ပဏာမ သဘောတူ ညီခဲ့ပါတယ်။

ဒီစက်ရုံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ဒေသခံအများစုက စက်ရုံကို လက်မခံကြဘူးလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် စာရေးဆရာ အသင်းဝင် မန်းထက်ခိုင်က ပြောပါတယ်။

“အဓိက ကတော့ ဘိလပ်မြေစက်ရုံလာဆောက်မယ်။ အဲဒီ ကုမ္ပဏီက ပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင်၊ နောက် တုန်ခါမှုနည်းအောင် နည်းပညာ အသစ်တွေနဲ့ လုပ်ထားတာပေါ့ဗျာ။ ဘာမှ မထိခိုက်အောင် သူက လုပ်ပေးမှာပေါ့။ ကေအန်ယူဘက်ကလည်း အဲဒါကို တောသဘာဝအရ ဒီအတိုင်းပဲ ထားရင် ဘာမှ မဖြစ်ဘူးပေါ့။ အဲဒါကို ကေအန်ယူရဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှုဘာညာ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးမယ်ပေါ့ဗျာ။ ရွာသားတွေ တော်တော်များများက လက်မခံဘူး။ အခု လက်မှတ်ထိုးတဲ့သူက နည်းပြီးတော့ လက်မှတ်မထိုးပဲ ကန့်ကွက်တဲ့သူက များနေတယ်။”


ကန့်ကွက်သူအများစုဟာ စက်ရုံလုပ်မယ့် နေရာနဲ့ အနီးကပ်ဆုံးနေသူတွေ၊ တောင်နဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ထင်းခုတ်၊ ၀ါးခုတ်နဲ့ မျှစ်ချိုး လုပ်ကိုင်စားသောက်သူတွေက ကန့်ကွက်တာများတယ်လို့ မန်းထက်ခိုင်က ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစောခင်မောင်မြင့်ကတော့ မနေ့က တွေ့ဆုံပွဲမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ရေး၊ မဆောက်ရေး ဆုံးဖြတ်ချက်မကျသေးဘဲ ဒေသခံတွေရဲ့ ဆန္ဒကို ပြန်ကောက်ခံမယ်လို့ ပြောပါတယ်။

“ရက်လကတော့ အတိအကျ မသိရသေးပါဘူး။ ဒေသခံတွေကတော့ ကန့်ကွက်တဲ့သူ တချို့နဲ့ ထောက်ခံတဲ့သူ တချို့နဲ့ ၂ ပိုင်း ဖြစ်နေတာပေါ့လေ။ ဖြစ်နေတဲ့အတွက် ကန့်ကွက်တာတော့လည်း အကျိုးအကြောင်းဖော်ပြတာကတော့ သဘာဝကျကျ ဖော်ပြတာ ရှိသလို တချို့ကလည်း ပယောဂတခုခုကြောင့် ကန့်ကွက်တာလည်း ရှိတယ်။ ဒါကြောင့် ဦးတို့က ဘာပြောခဲ့လဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သံဃာတော်တွေ စုပေါင်းပြီးတော့ စစ်တမ်းသဘောမျိုးနဲ့ ကန့်ကွက်တဲ့သူ ဘယ်လောက်ရှိသလဲဆိုတာလေးတွေကို တရားဝင် လက်မှတ်ထိုးပြီးတော့ ပြန်တင်ပြပေးပါလို့ အဲဒီလိုပဲ မှာခဲ့လိုက်တယ်။”

ဒီလို ကောက်ခံလို့ ရလာတဲ့ရလဒ်အပေါ် မူတည်ပြီး ဒေသခံတွေ သဘောတူရင် စက်ရုံ တည်ဆောက်ဖို့ ထောက်ခံမှာဖြစ်ပြီး သဘောမတူရင် မတူကြောင်း တင်ပြသွားမယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဒီဘိလပ်မြေ တည်ဆောက်ရင် ဖြစ်ပေါ်မယ့် ကောင်းကျိုး၊ ဆိုးပြစ်တွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။

“စက်ရုံတည်ဆောက်မယ်ဆိုရင်တော့ ကရင်ပြည်နယ်အကျိုးမကဘူး၊ နိုင်ငံတော်အတွက်ပါ နိုင်ငံခြားက တင်သွင်းနေရတဲ့ ဘိလပ်မြေတွေအတွက် နိုင်ငံခြားငွေတွေ အများကြီး လျော့သွားမယ်။ အခုက နေ့စဉ်နဲ့အမျှ ထိုင်းဘက်ကရော၊ တရုတ်ဘက်ကရော ဘိလပ်မြေတွေ တနေ့ကို တန်ပေါင်း ထောင်နဲ့ချီ သွင်းနေရတယ်။ ဒါပေမယ့် ဘယ်လုပ်ငန်းမဆို အကျိုးနဲ့ အပြစ်ဆိုတာ ဒွန်တွဲနေတာကိုး။ ရရှိတဲ့အကျိုးနဲ့ ဖြစ်ပေါ်လာမယ့်ဆိုးကျိုးက ဘယ်ဟာက အားသာလဲလို့ ဆိုတာကို ချင့်ချိန်ပြီးတော့ အားသာတဲ့ဘက်ကို ဦးစားပေးရမှာက ဒါသဘာဝပဲလေ။ အဲဒါကြောင့် ထိခိုက်ပျက်ဆီးမယ့် သဘာဝ ပတ်ဝန်းကျင်ကတော့ တောင်တွေက တဖြည်းဖြည်းနဲ့ ကုန်သွားမှာပေါ့။ ဒါပေမယ့် ဒေသကတော့ မြို့ပြလိုမျိုး ဖွံ့ဖြိုးစည်ကားလာမှာတော့ သေချာတာပေါ့။ ဒီတောင်မှာပဲ အမှီသဟဲပြုပြီးတော့ မှိုရှာ မျှစ်ချိုး အဲဒီလိုမျိုး လုပ်မယ်ဆိုရင်တော့လည်း ဖွံ့ဖြိုးမှုတော့ မရှိဘူး။ သဘာဝပတ်ဝန်းကျင်လည်း မပျက်ဆီးဘူးပေါ့။”

ဒီ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ကရင်အမျိုးသားအစည်းအရုံးက သဘော တူညီထားပါတယ်။

အစည်းအဝေးမှာ ကုမ္ပဏီဘက်က Myanmar Ji Dong၊ ဖြိုးနိုင်စိုး ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ကေအန်ယူတပ်မဟာ ၁ က ဗိုလ်မှူးကြီးစောမြင့်ထွေး၊ ဗိုလ်မှူးစောကျောက်မြင့်နဲ့ ကရင်ပြည်နယ် ၀န်ကြီးတွေဖြစ်တဲ့ ဦးစောခင်မောင်မြင့်၊ ဦးစောကြည်လင်းနဲ့ ဦးဆာလောလတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းကလည်း မိကရင်ကျေးရွာအနီးမှာ (Myanmar Cement and Mineral Production) အမည်ရှိတဲ့ ကုမ္ပဏီက ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ကြိုးပမ်းခဲ့ပေမယ့် ဒေသခံတွေရဲ့ ကန်ကွက်မှုကြောင့် ရုပ်သိမ်းခဲ့ပါတယ်။

No comments: