Tuesday, April 29, 2014

မွတ်စလင်များ ဖိနှိပ်ခံရလျှင် မြန်မာနိုင်ငံ အောင်မြင်မည်မဟုတ်ဟု အမေရိကန်သမ္မတ အိုဘားမား သတိပေး

Mizzima

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်လူမျိုးများ၏ အခွင့် အရေးများကို အပြည့်အ၀ အကာအကွယ် ပေးထားခြင်းမရှိကြောင်းနှင့် မွတ်စလင်လူမျိုးများအပေါ် ဖိနှိပ်ထားမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှုရလိမ့်မည်မဟုတ်ဟု ဧပြီ ၂၇ ရက်က ပြေကြားခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

သမ္မတအိုဘားမားက မလေးရှားနိုင်ငံခရီးစဉ်တွင် အရှေ့အာရှနိုင်ငံများမှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ချီး ကျူးခဲ့သော်လည်း ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများကြောင့် ဒီမိုကရေစီလမ်းကြောင်းကို သွေဖည် သွားနိုင်သည်ဟု ဆိုသည်။

ယင်းသို့ ပြောကြားထားခြင်းနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူးချုပ် ရခိုင်စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့သူ ဒေါ်သန်းသန်းနုက “မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်တဲ့အချိန် မှာအပြောင်းအလဲတွေလဲ အများကြီးရှိနေတယ်။ ဒီမိုကရေစီ အပြောင်းအလဲရဖို့က တော်တော် ခက်တယ်။ ပြည်ပနိုင်ငံတွေ အနေနဲ့ ပြဿနာတွေရှိနေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အကြံကောင်း၊ ဉဏ်ကောင်း ပေးပြီးတော့ သူတို့အနေနဲ့ ကူညီဆောင်ရွက်ပေးရင် အကောင်းဆုံးပဲ။ ဘေးကနေပြီး တခြားပြည်ပနိုင်ငံ ကနေပြီး ဒါက အောင်မြင်မှာမဟုတ်ဘူး။ ဒါက ဘယ်လိုဖြစ်တယ်ဆိုတာ အပြုသဘော မဆောင်တဲ့ ဝေဖန်သုံးသပ်ချက်တွေပြောမယ့်အစား ဒါက ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ကူညီပေးရင်အကောင်း ဆုံးပဲ”ဟု ပြောသည်။

အဆိုပါပြောကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးကျော်စိုးက “သူ့ရှုထောင့်ကနေ သူပြောတယ်။ ဒီမှာရှိနေတဲ့ အစ္စလာမ်တွေ အခက်အခဲရှိနေတယ်။ ချစ်ခင်ရင်းနှီးမှုယူပြီး ကြိုးစားနေတယ်။ တခြားနိုင်ငံမှာလဲ ရှိတယ်။ အပြန်အလှန် နားလည်မှုယူကြတယ်။ အဆင်ပြေအောင် ကြိုးစားဆောင်ရွက်နေတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင် (မူရင်းအခေါ်အဝေါ်) လူမျိုးများမှာ ရခိုင်ဒေသ၌ လူ့အခွင့်အရေးလှုပ်ရှားသူအုပ်စုများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့များ၏ တိုက် ခိုက်မှုများကို ခံခဲ့ရသည်ဟု သိရသည်ဟုလည်း ဖော်ပြထားသည်။

No comments: