Wednesday, April 30, 2014

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မေလကုန်ပိုင်း တွေ့ဆုံမည်

နော်နိုရင်း

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား လာမယ့် မေလ တတိယအပတ်မှာ ထပ်မံဆွေးနွေးမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ အန်စီစီတီလို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်လိုက်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ သဘောတူလက်မှတ်ရေးထိုးရမယ့် အချက်အ လက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဘက်က အန်စီစီတီအဖွဲ့ဝင်တွေ ၂ ရက်တာ တွေ့ဆုံပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အန်စီစီတီအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက “လာမယ့် အန်စီစီတီရဲ့ အစည်းအဝေးတွေလည်း ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲတွေလည်း လိုအပ်တယ်လို့မြင်တယ်။ နောက် အန်စီစီတီနဲ့ ယူဒဗလျူပီစီရဲ့ မူကြမ်းရေးဆွဲရေး အစည်းအဝေးကိုလည်း မေလအတွင်းမှာလုပ်ဖို့ သဘောထားရှိပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ သွားတွေ့တာကို ပြန်သုံးသပ်တာနဲ့ နောက်လာမယ့် ဆွေးနွေးပွဲအတွက် ပြန်ဆွေးနွေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတွေ့ဆုံပွဲတုန်းက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ရပ်တည်ချက် ၆ ချက်ထဲက ၂ ချက်ကို လုံးဝသဘောမတူတဲ့အကြောင်း ဒီကနေ့ဆွေးနွေးပြီး နောက်လ အစိုးရနဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အချိန် တင်ပြမယ်လို့ ပြောပါတယ်။

“အဓိကအားဖြင့်ကတော့ စစ်ဦးစီးချုပ်ရဲ့ ရပ်တည်ချက် ၆ ချက်ကို တင်ပြထားတယ်။ အဲထဲမှာ အန်ကယ်တို့ လက်မခံနိုင်တဲ့ အပိုင်းက နံပါတ် ၅ နဲ့ နံပါတ် ၆ ဖြစ်တယ်။ အဲဒါကတော့ တည်ဆဲဥပဒေတွေကို အန်ကယ်တို့ဘက်က အပြည့်အ၀ လက်ခံရမယ်ဆိုတဲ့အပိုင်း ဒါက နံပါတ် ၅။ နိုင်ငံရေးအရ လက်နက်ချလိုက်ရတဲ့ ပုံစံမျိုး ဖြစ်သွားမယ်။ ဒါကတော့ မဖြစ်သင့်ဘူး။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံကို အန်ကယ်တို့က လက်ခံရမယ်။ လက်ခံပြီး သူတို့ ခွင့်ပြုပေးထားတဲ့ ဘောင်ထဲက ပြင်ဆင်သွားရမယ်ဆိုတဲ့ဟာ။ အဲဒါကိုလည်း လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီအခွင့်အရေးလည်း မရှိဘူး၊ တိုင်းရင်းသားအခွင့်အရေးလည်း မရှိဘူး။ အဲတော့ ဒီအနေအထားကို အန်ကယ်တို့ လက်မခံနိုင်ဘူး။”


ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုလုပ်နေတဲ့အချိန်မှာ ကချင်၊ ရှမ်းနဲ့ တအာင်းဒေသမှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် ပြန်လည် သုံးသပ်ကြသလို ဒီတိုက်ပွဲကြောင့်လည်း တိုင်းရင်းသားတွေ ယုံကြည်မှုနည်းပြီး သဘောတူညီမှုရဖို့ ခက်ခဲကြန့်ကြာနိုင်တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ လားဟူဒီမိုကရက်တစ်ယူနီယန် ဒု-ဥက္ကဋ္ဌ ဆော်လမုန်ကတော့ အစိုးရနဲ့တိုင်းရင်းသားတွေအကြား ဆွေးနွေးမှုကို အခုလို သုံးသပ်ထားပါတယ်။

“အစိုးရနဲ့ သမ္မတက တမျိုး၊ အောက်လွှတ်တော်ကလည်း တမျိုး၊ စစ်တပ်ကလည်း တမျိုး ဖြစ်နေတယ်။ ကျနော်သုံးသပ်တာကတော့ စစ်တပ်က တပြည်လုံးအပစ်ရပ်ရေးကိုတော့ လိုလားတယ်၊ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ သူတို့က သိပ်မကြိုက်ဘူးဖြစ်နေတယ်။ ဆွေးနွေးတာကျတော့ နည်းနည်းလေး သူတို့ကြိုက်တဲ့ဟာ ကိုင်စွဲတာ ပိုများတယ်။ ဥပမာ ပြည်တွင်းစစ်စကားလုံးတွေ မသုံးဖို့၊ တော်လှန်ရေး မသုံးဖို့၊ ဖက်ဒရယ်မူဆိုတဲ့စကားလုံးတွေ မသုံးဖို့၊ ဒီစကားလုံးတွေက အခြေခံမူထဲမှာပါပြီးသား၊ အဲဒါကို တော်တော်လေး ဆွေးနွေးနေကြတယ်။ အခုထိ သဘောတူညီချက် မရသေးဘူး၊ ထပ်ဆေးနွေးဖို့ ရှိသေးတယ်။”

ဒါကြောင့် အစိုးရက လာမယ့် သြဂုတ်လမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုထားပေမယ့် ဒီအချိန်ကာလက ခက်ခဲနိုင်တယ်လို့ နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။

အန်စီစီတီအဖွဲ့ဟာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ၂ ရက်တာ ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါဟာ အန်စီစီတီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

No comments: