Monday, April 28, 2014

အကျဉ်းကျနေသော သတင်းသမားများ လွတ်မြောက်ရန် ဆန္ဒပြသည့် မဇ္ဈိမသတင်းထောက်ကို ပြည်စခန်းမှူး ကိုယ်တိုင် တရားစွဲဆို

ကြယ်ပြာ

ပြည်မြို့မ ရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့် ကိုယ်တိုင် တရားလိုပြုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသည့် မဇ္ဈိမသတင်းထာက် ကိုအောင်ဦးနိုင်(ခ) ရေခဲ(ပြည်)က တရားရုံးတွင် ကိုယ်ပိုင်လျှောက်လှဲချက်ပေးကာ ဖြေရှင်းသွားမည်ဟု ကာယကံရှင်ကပြောသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရေး ပြည်မြို့ရှိ သတင်းဌာနပေါင်းစုံမှ သတင်းထောက် ၁၆ဦးခန့်သည် ဧပြီလ ၂၅ရက်က လမ်းလျောက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင် ဦးဆောင်သူ မဇ္ဈိမသတင်းဌာနမှ အလွတ်တန်း သတင်းထောက် ရေခဲ(ပြည်) တဦးထဲကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် ဧပြီ ၂၅ ရက်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ စခန်းမှူးပြောတာကတော့ ကျွန်တော်တစ်ဦးထဲကိုပဲ တရားစွဲတာက ပုဒ်မ၁၈နဲ့ ပတ်သက်ပြီး ထိခိုက်မှု နည်းသထက်နည်းအောင် တဲ့ဗျ၊ ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းခဲ့ပါတယ်၊ ငြင်းပယ်ခံရတာပါ၊ လောလောဆယ် ကျွန်တော် အာမခံ ရထားတယ် ” ဟု ၎င်းက ပြောသည်။

အစိုးရ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းယူခွင့်ပြုရန်နှင့် ဖမ်းစီးခံထားရသော သတင်းထောက်များကို ပြန်လွတ်ပေးရန် ဆိုသည့် အချက်များဖြင့် ဆန္ဒထုတ်ဖော်ခွင့်ပြုရန် ဧပြီလ ၁၉ရက်က ခွင့်ပြုမိန့်တောင်းခဲ့ပြီး ဧပြီလ ၂၂ရက်တွင် ငြင်းပယ်လိုက်ခြင်း လည်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် ဧပြီလ ၂၅ရက်ကပင် ရဲစခန်းမှ အမှုဖွင့်ကြောင်း အကြောင်းကြားသည့်အတွက် ဧပြီလ ၂၆ရက်က မြို့မရဲစခန်းသို့ ရေခဲ(ပြည်) ကိုယ်တိုင် သွားရောက်အဖမ်းခံ၍ ခံဝန်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူဟု ဆိုသည့် ပြည်စခန်းမှူး ဒုရဲမှူးမျိုးမြင့်ထံ မဇ္ဈိမ ရန်ကုန်ရုံးက ဆက်သွယ် ခဲ့သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ဘဲ အမှုစစ်ဖြစ်သူ ဒုရဲအုပ် သိန်းဆက်ခိုင်နှင့် ဆက်သွယ်ခဲ့ရာတွင်လည်း အမှုနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ပြန်လည် ပြောဆိုခြင်းမရှိခဲ့ပေ။

“ဘာကြောင့်တရားစွဲ ရတယ် ဆိုတာကို ကိုရေခဲကို ပြောပြီးပါပြီ၊ ဘာမှမပြောချင်ပါဘူး၊ သတင်းထောက်အချင်းချင်း သူ့ကိုပဲ မေးပါ” ဟု ၎င်းက မဇ္ဈိမကို တုန့်ပြန်ပြောဆိုသည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ မေးမြန်းခွင့် မရခဲ့သည့်အတွက် နောက်ထပ်ရုံးချိန် ခေါ်မည့် ရက်များကိုလည်း သိရှိခွင့် မရသေးပေ။

တရားစွဲခံရသော ရေခဲ(ပြည်)သည် ၂၀၁၂ခုနှစ်က ပြည်တွင်းအခွန်တံဆိပ်ခေါင်းများ ဈေးနှုန်းကြီးမြင့် ခြင်းအတွက် ဆန္ဒပြခဲ့ရာ တွင်လည်း ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ အဆိုပါအမှုတွင် ထောင်ဒဏ်သုံးလ (သို့မဟုတ်) ဒဏ်ငွေ ကျပ်၁သောင်းပေးဆောင်ရန် ချမှတ်ခဲ့သည့်အတွက် ဒဏ်ငွေသာပေးဆောင်ပြီး အမှုပြီးပြတ်ခဲ့သည်။

No comments: