Tuesday, April 29, 2014

ဦးသိန်းစိန်အစိုးရအဖွဲ့ ရာထူးမှဖယ်ရှားပေးရန် မန်းတွင် တောင်းဆို

အောင်ကိုဦး

သမ္မတဦးသိန်းစိန်အစိုးရကို ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုမှုကို ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (Movement For Democracy Current Forces)မှဦးဆောင်၍ မန္တလေးမြို့ လူစည် ကားရာနေရာများ၊ ဌာနဆိုင်ရာများသို့ လက်ကမ်းစာစောင်များ ဝေငှခြင်းဖြင့် ဧပြီ ၂၇ရက်၌ စတင်လိုက်ပြီ ဖြစ်သည်။

“ကျွန်တော်တို့ နေ့စဉ် လုပ်ဆောင်သွားမယ်။ ဒီနေ့ သုံးမြို့နယ်မှာ လှုပ်ရှားခဲ့တယ်။ မနက် ၉ နာရီကစပြီး လုပ်ခဲ့တယ်။ အခုချိန်ထိတော့ တားဆီးတာမရှိသေးဘူး။ တားလည်း ဆက်လုပ်သွားမယ်။ ပြည်သူတွေရဲ့ တောင့်တနေတဲ့စိတ်ကို ကျွန်တော်တို့ ဖော်ဆောင်ပေးနေတာပါ။ ပါးစပ်နဲ့ ပြည်သူကို လုပ်ပေးနေတဲ့ အစိုးရ ပြည်သူကို လက်တွေ့ ဘာမှလုပ်ဆောင်ပေးတာမရှိဘူး။ ပြည်သူကိုလိမ်နေတဲ့ အစိုးရ ရာထူးက ဖယ်ရှားပေးဖို့ အချိန်တန်ပြီ။ အလိုမရှိပါဘူး”ဟု MDCF အထက်မြန်မာပြည်တာဝန်ခံ ကိုသိန်းအောင်မြင့် က ပြောသည်။

လက်ရှိအစိုးရသည် ပြည်သူကတင်မြောက်ထားသော ပြည်သူ့အစိုးရဖြစ်သော်လည်း ပြည်သူပိုင်သယံ ဇာတများကို လက်ဝါးကြီးအုပ်နေသော ခရိုနီများအား အကာအကွယ်ပေးနေခြင်း၊ အခြေခံလူတန်းစား ပြည်သူလူထုအပေါ် ဆက်လက်ဖိနှိပ်နေခြင်းတို့ကြောင့် ရာထူးမှဖယ်ရှားပေးစေလိုသည်ဟု ကိုသိန်း အောင်မြင့်က ဆိုသည်။

ကြွေးမြီများထူပြောနေသည့် နိုင်ငံအတွင်း ယခင်စစ်ဗိုလ်ချုပ်ကြီးများဖြင့် အသွင်ပြောင်းဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဝင်အများစု၏ ပိုင်ဆိုင်မှုများ လွန်စွာများပြားနေခြင်း၊ ဘာသာရေးပဋိပက္ခများတွင် တာဝန်ရှိ ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့များပြားနေခြင်း၊ ပြည်သူကို အလုပ်အကျွေးပြုရမည့် အစိုးရ တာဝန်ရှိသူများက ပြည်သူတို့ကို စော်ကားသကဲ့သို့ ပြုမူပြောဆိုခြင်း စသည့်အကြောင်းများကို ရည်ရွယ် ၍ အဆိုပါလှုပ်ရှားမှု ပြုလုပ်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

အဆိုပါအဖွဲ့၏ ဖြန့်ဝေသောစာများတွင်လည်း ပြည်ထောင်စုအစိုးရသည် တရားဥပဒေစိုးမိုးရေးကို ပျက် စီးအောင် လုပ်ဆောင်နေကြောင်း စစ်အာဏာရှင်လက်ထက် စွမ်းအားရှင်ကဲ့သို့သော အဖွဲ့အစည်းများ ပြန်လည်ထူထောင်ထားပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးကာ အစိုးရကိုယ်တိုင် ရာဇ၀တ်မှုများ ကျူး လွန်နေကြောင်း ဖော်ပြထားသည်။ ထို့အပြင် နိုင်ငံသား မြေယာမဲ့ကိစ္စ၊လယ်ယာမြေ အဓမ္မသိမ်းဆည်း မှုကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ တရားစီရင်ရေး ပျက်စီးနေသည့်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုး ရွားခြင်း၊ ဆင်းရဲနွမ်းပါးမှုကြီးထွားလာသည့်ကိစ္စ၊ လူမျိုးရေးဘာသာရေး သွေးထိုးဖန်တီးနေသည့်ကိစ္စ၊ အ စိုးရအရာရှိကြီးများအား ကျပ်သုံးသိန်း တရားဝင်လာဘ်စားခိုင်းသည့်ကိစ္စများကိုလည်း ဖော်ပြသည်။ပြည်ထောင်စုလွှတ်တော်က အရေးပေါ်အထူးအစည်းအဝေးခေါ်ယူ၍ ယင်းသို့ တာဝန်များကို နိုင်နင်းစွာ တာဝန်ယူ၊ တာဝန်ခံမှုမရှိသည့် ပြည်ထောင်စုအစိုးရကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဖြင့် မိဘပြည်သူ တို့၏ ဒုက္ခများကို ကယ်တင်သင့်သည်ဟုလည်း ပါဝင်သည်။

အဆိုပါလှုပ်ရှားမှုကို ယနေ့တွင် ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်တို့တွင် ဖြန့်ဝေ လှုပ်ရှားခဲ့ပြီး ကျန်မြို့နယ်များသို့ ဆက်လက်ဖြန့်ဝေရန် စီစဉ်ထားသည်။ ယင်းသို့ လှုပ်ရှားမှုပြီးစီးပါက ပြည်ထောင်စုအစိုးရတစ်ဖွဲ့လုံး ရာထူးမှဖယ်ရှားပေးရန် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှုကို ဆက် လက်ပြုလုပ်မည်ဟု MDCF အဖွဲ့က ဆိုသည်။

No comments: