Monday, April 28, 2014

ရန်ကုန်ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ဆောင်ရန် ၀န်ထမ်းအိမ်ရာများ ရွှေ့ပြောင်းမည်

အေးမြင့်စန်း

ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ ဧရိယာ ၆၂ ဧကကို ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (Business development)အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ရာ ဘူတာယာဒ်ဝန်းအတွင်းရှိ မလိုအပ်သော စက်ရုံ၊ ဂိုဒေါင်များနှင့် ၀န်ထမ်း အိမ်ရာများကို ရွှေ့ပြောင်းမည်ဖြစ်သည်ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

ဒုတိယ ၀န်ကြီးက ဧပြီ ၂၆ ရက်တွင် ရန်ကုန်ဘူတာကြီးဝန်းအတွင်း၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက “ ရှင်းပြတာကိုလည်း ၀န်ထမ်းအားလုံးက သဘောတူလက်ခံတယ်။ စက်ခေါင်းတွဲ စက်ရုံဂိုဒါင်တွေပြောင်းရင် သူ့ဝန်ထမ်းလည်း ပြောင်းရမှာပဲ။ ဘူတာအတွက် မရှိမဖြစ် ၀န်ထမ်းသည် ဒီဘူတာမှာ ကျန်နေမယ်။ ဒီဝန်ထမ်းတွေကို ရသင့်ရထိုက်တဲ့ အကျယ်အ၀န်းရှိတဲ့ တိုက်ခန်းတွေ ရေတွေ မီးတွေစုံမှ ပြောင်းရမယ်။ စနစ်တကျရွှေ့မှာပါ။ ၀န်ထမ်းတွေရဲ့ သက်သာချောင်ချိရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးမှာ ပါ”ဟု ပြောသည်။

ရန်ကုန်ဘူတာကြီး ယာဒ်ဝန်းအတွင်းရှိ စက်ခေါင်းတွဲများထားသည့် ဂိုဒေါင်အချို့နှင့် ၀န်ထမ်းအိမ်ရာများကို ပြောင်းရွှေ့ရန် ရည်ရွယ်ချက်ဖြင့် ယခင်က မြေများ ၀ယ်ယူ ထားသည့် ရွာသာကြီး ဘူတာဧရိယာအတွင်းရှိ မြေလွတ်များသို့ လုပ်ငန်းတာဝန် အချိုးကျအလိုက် ပြောင်းရွှေ့မည်ဖြစ်ပြီး ၀န်ထမ်းအိမ်ရာများကိုလည်း အဆင့်မြှင့်အိမ်ရာတိုက်ခန်းများကို တည်ဆောက်ကာနေရာပြန်ပေးသွားမည်ဖြစ်သည်ဟု ဒုဝန်ကြီးက ဆိုသည်။ လက်ရှိရန်ကုန်ဘူတာကြီးတွင် ၀န်ထမ်းအင်အား ၆၀၀ခန့်ရှိသည်။

No comments: