Tuesday, April 29, 2014

ဇနီး၏ အချစ်ဟောင်းကို ခင်ပွန်းဖြစ်သူက ဓါးဖြင့်ထိုးသတ်

ဇော်ဇော်ထွေး

အမျိုးသားတစ်ဦးက ၎င်းဇနီးသည်နှင့် ယခင်က ချစ်ကြိုက်ဖူးသူတစ်ဦးကို ဓါးဖြင့် ထိုးသတ်ခဲ့မှုတစ်ခုကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းက ဧပြီ ၂၆ရက်ညတွင် အမှုဖွင့် စစ်ဆေးနေသည်။

အမှုမှာ သုဝဏ္ဏ င/(က)ရပ်ကွက်ရှိ ကားအမိုးကူရှင် လုပ်ငန်းတစ်ခုတွင် နံနက် ၉နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စိုးမင်းအောင် ဆိုသူကို ရဲဇော်ဦး ဆိုသူက ဓါးဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဓားထိုးခံရသည့်အတွက် စိုးမင်းအောင်မှာ ဝဲရင်အုံ၊ ဝဲချိုင်းအောက် တို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိပြီ စံပြဆေးရုံသို့ တင်ပို့ ကုသနေစဉ် သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ရဲဇော်ဦးသည် ၎င်း၏ဇနီးဖြစ်သူနှင့် ယခင်က ချစ်ကြိုက်ဖူးသည်ကို သဝန်တိုစိတ်ဖြင့် မကျေမနပ်ဖြစ်၍ ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု တရားလိုဘက်က စွပ်စွဲထားသည်။

အဆိုပါ အမှုကို သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ဦးအောင်ကျော်မိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် နယ်မြေရဲစခန်းက (ပ)၁၃၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို စုံစမ်းရှာဖွေလျက် ရှိသည်။

No comments: