Wednesday, April 30, 2014

သုံးနှစ်ကျော်ချိန်အထိ ရန်ကုန်တိုင်းအစိုးရ၏ ရသုံးငွေစာရင်း အသေးစိတ် လွှတ်တော်သို့ တင်ပြခြင်းမရှိသေး

မင်းမင်း

အစိုးရနှင့် လွှတ်တော်တို့ သက်တမ်းသုံးနှစ် ကျော်လာပြီဖြစ်သော်လည်း ယခုအချိန်အထိ ရန်ကုန်တိုင်း အစိုးရ၏ အရ၊ အသုံး ဘဏ္ဍာငွေစာရင်းများကို လွှတ်တော်သို့ အသေးစိတ် ချပြခဲ့ခြင်းမရှိသေးဟု တိုင်း အမတ်တို့က ပြောဆိုလိုက်သည်။

လက်ရှိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ရောက်ချိန်အထိ အရ၊ အသုံးဆိုင်ရာ ငွေစာရင်း အနှစ်ချုပ်ကိုသာ တိုင်းအစိုးရက လွှတ်တော်အမတ်တို့ထံသို့ ချပြခဲ့ပြီး အသေးစိတ်ကိုမူ အသိပေးဖြန့်ဝေခြင်းမရှိခြင်းကို ရည်ညွှန်း ၍ လွှတ်တော်အမတ်များက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၀န်ကြီးတွေက စာအုပ်တွေဝေထားတယ်။ ပြီးရင် သူတို့ဖတ်ပြတဲ့အချက်တွေကို ငါတို့က စာအုပ်ထဲမှာ ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန်ရှာလည်းပဲ တစ်ခါတလေကျရင် ရှာမတွေ့ဘူး။ သူတို့က လွှတ်တော်ရဲ့အချိန် ကို ငဲ့ညှာသောအားဖြင့် ဘယ်လိုလေးရှင်းပါမယ်ဆိုပြီး ရှင်းသွားတဲ့အခါကျတော့ ဘယ်လိုက်ကြည့်လို့ ကြည့်ရမှန်းမသိ သူတို့တင်ပြတာ မှန်တာ၊ မှားတာတွေကို ဘယ်လိုမှ Counter Chat လိုက်လို့ မရဘူး ပေါ့”ဟု ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သည့် ဆိပ်ကမ်းမြို့နယ်မှ ရန်ကုန်တိုင်းအမတ် ဦးနေမျိုးအောင်က မဇ္ဈိမကို ပြောသည်။

တိုင်းအစိုးရရေးဆွဲထားသော လက်ရှိ ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ဧပြီ ၂၉ ရက်က တိုင်းလွှတ်တော်အစည်းအဝေး၌ အတည်ပြုလိုက်ပြီးနောက် လွှတ်တော်အမတ်တို့က ယင်းသို့ ပြောခြင်းဖြစ်သည်။

“အခုဟာက ဘယ်တံတားဖောက်မယ် သိန်းဘယ်လောက်၊ ဘယ်လမ်းဖောက်မယ် သိန်းဘယ်လောက်ဆိုတော့ အဲ့လောက်ကြီး ကုန်တယ်၊ မကုန်တယ်က ကိုယ်တွေလည်း မသိဘူး” ဟု ဦးနေမျိုးအောင်က ရှင်းပြသည်။

ယခုကဲ့သို့ တိုင်းအစိုးရက ဘတ်ဂျက် အရ၊ အသုံး အသေးစိတ်စာရင်းများကို ဖြန့်ဝေခြင်းမရှိဘဲ နှုတ်ဖြင့်သာ ဖတ်ပြနေသဖြင့် လွှတ်တော်အစည်းအဝေးများသည် မလိုအပ်ဘဲ အချိန်ကုန်နေရသည်ဟု အင်းစိန် မြို့နယ်မှ တိုင်းအမတ် ဦးအောင်ဆန်းမြင့်က ပြောသည်။

ယခုနှစ် ရန်ကုန်တိုင်း အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် လွှတ်တော်အမတ် နှစ်ဦးကသာ ဆွေးနွေးခဲ့ ကြပြီး ပါဝင်ဆွေးနွေးသူ တစ်ဦးဖြစ်သည့် ဒေါက်တာညိုညိုသင်းက “၀န်ကြီးအသီးသီးဟာ မိမိဖတ်ကြားတဲ့ (အရအသုံးငွေစာရင်း) စာတမ်းများကို ကြိုတင်ဝေငှထားခြင်း မရှိပါဘူး။ ကျွန်မတို့ကို ပေးထားတာက စာ အုပ်အနှစ်ချုပ် စာရင်းတွေသာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသွားသည်။

ယနေ့ အတည်ပြုလိုက်သည့် ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ တိုင်းအစိုးရသည် သုံးငွေအဖြစ် ကျပ်သန်းပေါင်း ၃၄၄,၂၅၇ ဒသမ ၇၉၉ သုံးစွဲခွင့်ရရှိခဲ့ပြီး ယင်း၏ ၇၀ ရာ ခိုင်နှုန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သုံးစွဲမည် ဖြစ်သည်။ ရငွေမှာ ကျပ်သန်း ပေါင်း ၂၈၂၃၁၆ ဒသမ ၉၅၆ သာဖြစ်သဖြင့် ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် လိုငွေ ကျပ်သန်း ပေါင်း ၆၁၉၄၆ ဒသမ ၈၄၃ ပေါ်ပေါက်မည်ဖြစ်သည်။

No comments: