Tuesday, April 29, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောထားကွဲနေမှုကြောင့် အပစ်ရပ်ရေးအလှမ်းဝေးနေဟု နိုင်ဟံသာဆို

ဖနိဒါ

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမြင်သဘော ထားများ တူညီမှုမရသေးသ၍ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အလှမ်းဝေးနေဆဲဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“အမြင်တွေက တော်တော်လေးကို ကွာခြားနေတယ်။ တပ်ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လက်ခံပြီးတော့ ဆွေးနွေးစေချင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခြေခံမူခြောက်ချက်ကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ လက်ခံလိုက်ရင် နိုင်ငံရေးလက်နက်ချလိုက်သလို ဖြစ်သွားတယ်”ဟု ၎င်းက ပြော သည်။

စစ်တပ်ဘက်က တင်ပြဆွေးနွေးလိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရန်၊ တွေ့ဆုံဆွေး နွေးရးကို ရိုးရိုးသားသားလုပ်ဆောင်ရန်၊ ဆုံးဖြတ်ချက်များကို အပြည့်အ၀နာခံရန်ဟူသော အချက်များအ ပါအ၀င် အချက်ခြောက်ချက်ကိုမူ တိုင်းရင်းသားအဖွဲ့အစည်းများက လက်ခံနိုင်ဖွယ်မရှိဟု နိုင်ဟံသာက ဆိုသည်။

ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ်များဘက်က ဖက်ဒရယ်မူကို လက်မခံခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အသုံးအနှုန်းကိုလည်း လက်မခံခြင်း၊ ပြည်တွင်းစစ်ဆိုသော စကားလုံးကိုလည်း လက်မခံခြင်းတို့ကြောင့် တိုင်းရင်းသားများ မျှော်မှန်းထားသော အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း မရှိတော့ရာ လက်ခံနိုင်ဖွယ် မရှိကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရေးဆွေးနွေးမှုအဆင့်ကို မရောက်ခင်မှာ သူတို့ လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေလုပ်မယ်။ သဘောကတော့ တပ်တွေရဲ့ ဖွဲ့စည်းမှုကို အသွင်ပြောင်းမယ်။ အဲဒါက ညင်ညင်သာသာ ပြောထားတဲ့စကား၊ အဓိပ္ပာယ်ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့တပ်ဖွဲ့တွေကို တစ်မျိုးမျိုးနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားတာ။ ဒါတွေက ပြဿနာရှိတယ်။ နောက်ပြီး framework ဆွဲတဲ့နေရာမှာ သူတို့ချည်းပဲ ချုပ်ကိုင်ချင်တဲ့ ပုံစံမျိုးပေါ် တယ်။ ပြောချင်တာက သူတို့ ဖွဲ့စည်းထားတဲ့ UPWC ကနေပြီးတော့ ဦးဆောင်ပြီး ပုံစံချသွားမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြောဆိုနေ သော်လည်း အစိုးရတင်ပြထားသည့် နိုင်ငံရေးမူဘောင်တွင်မူ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ စီးပွားရေးပညာရှင်များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအပါအ၀င် ရှစ်ပွင့်ဆိုင်ဟူ၍ တင်ပြထားသဖြင့် ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသည်ဟု ဆိုသည်။

ဧပြီလ ၂၈ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ NCCT ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ဧပြီလဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ ဆွေးနွေးပွဲအပြီးတွင် ထိပ်သီးညီလာခံ ခေါ်ယူရေး ကိစ္စများလည်း ဆွေးနွေးမည်ဟု နိုင်ဟံသာက ပြောသည်။

“အခြေအနေက ပိတ်ဆို့နေတဲ့သဘော။ ဘယ်လိုထိုးဖောက်မလဲဆိုတာပါ။ လောလောဆယ်တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ တောင်းဆိုနေတယ်။ ဒါပေမဲ့ သက်ဆိုင်တဲ့ပုဂ်္ဂိုလ်တွေ အတွေးအ ခေါ်ပြောင်းလဲမှုရှိမှ ဖြစ်နိုင်ပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

လာမည့် မေလပထမပတ်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြန်လည်တွေ့ဆုံ ဆွေးနွေးရးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများဘက်က ပြန်လည်သုံးသပ်ရန် လိုအပ်နေသဖြင့် သတ်မှတ်ရက်တွင် တွေ့ဆုံနိုင်မည်မဟုတ်ကြောင်းလည်း နိုင်ဟံသာက သုံးသပ်လိုက်သည်။

No comments: