Tuesday, April 29, 2014

ကားဖြင့် လိုက်တိုက်ကာ သေကြောင်းကြံဟု အမှုဖွင့်တိုင်

ဇော်ဇော်ထွေး

ရန်ငြိုးရန်စရှိသူတစ်ဦးက ကားဖြင့်တိုက်ပြီး သေစေရန် ကြံစည်လုပ်ဆောင်ခဲ့သည်ဟု အမျိုးသမီးငယ် တစ်ဦး၏ တိုင်တန်းမှုကို စမ်းချောင်းနယ်မြေရဲစခန်းက ဧပြီ ၂၇ တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြဝတီလမ်းတွင် နေထိုင်သည့် အသက် ၂၁နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက စွပ်စွဲတိုင်ကြားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဧပြီလ၂၆ရက် ည ၁၀နာရီခွဲခန့်က တရာလိုဖြစ်သူသည် နေအိမ်သို့ အလည်လာသည့် ဧည့်သည်ကို ကျောင်းလမ်း ထိပ်သို့ လမ်းလျှောက်၍ ပို့ဆောင်စဉ် တိုရိုတာ မတ်တူးအဖြူရောင်ယာဉ်သည် နောက်မှ အရှိန်ဖြင့် ဝင်တိုက်ခဲ့ရာ ရှောင်းတိမ်းနိုင်ခဲ့ သဖြင့် တိုက်မိခဲ့ခြင်း မရှိခဲ့ဟု တရားလိုက ရဲတိုင်ရာတွင် ထွက်ဆိုထားသည်။

သို့သော်လည်း ရှေ့သို့ကျော်သွားသည့် အဆိုပါယာဉ်သည် နောက်ပြန်ဆုတ်၍ ထပ်မံဝင်တိုက်ရာ ရှောင်တိမ်းနိုင်သဖြင့် တိုက်မိခြင်း မရှိသော်လည်း ခြေချောင်းများတွင် နာကျင်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်ဖြင့် တိုက်သူအား ကြည့်ရှုရာ ယခင်ရန်ငြိုးရန်စရှိခဲ့သူ ဂျော့ကိုကိုကြီး (စိစစ်ဆဲ) ဆိုသူ ဖြစ်သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ကားဖြင့် တိုက်သူ ဂျော့ကိုကိုကြီး (စိစစ်ဆဲ)ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားသဖြင့် စမ်းချောင်းရဲစခန်းက (ပ)၁၅၈/၂၀၁၄ဖြင့် ညတွင်းချင်း အမှုဖွင့်ခဲ့သည်။

လက်ရှိတွင် တိုင်တန်းခံထားရသူအား ခေါ်ယူစစ်ဆေးနိုင်ရေး ပြုလုပ်နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိလာပါက ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

No comments: