Wednesday, April 30, 2014

ကန့်သတ်နေရာရပ်သည့်ယာဉ် ဖမ်းဆီးရာတွင် လိုင်စင်မဲ့ယာဉ် ပါဝင်၊ ပြည်သူပိုင်အဖြစ် သိမ်းယူ

နန်းမြင့်

ငါးလကျော်အတွင်း ကရိန်းဖြင့် သယ်ယူဖမ်းဆီးမိသည့် စည်းကမ်းမဲ့ယာဉ် ၇,၄၀၀ ကျော်တွင် လိုင်စင်မဲ့ တစ်စီး ပါဝင်လျက်ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဦးအောင်မျိုးလွင်က ပြော သည်။

အဆိုပါဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး လက်ရှိ ယာဉ် မရပ်ရ လမ်း ၆၇ လမ်းအတွင်း ဖမ်းဆီးရမိသည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်အထိ ယာဉ်ကြီး၊ ယာဉ်ငယ် ၇,၄၄၇ စီး ရှိသည်။ ထိုထဲတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ပါဝင်လျက်ရှိ သည်။

၎င်းက “ကရိန်းနဲ့ဆွဲတဲ့ကာလမှာ ဇန်န၀ါရီပိုင်းက ကျောက်တံတားမြို့နယ်မှာ လိုင်စင်မဲ့ တိုယိုတာစလွန်း ကားတစ်စီး ဖမ်းမိတယ်။ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်”ဟု ပြောသည်။

ကရိန်းယာဉ်ဖြင့်ဆွဲသည့် ဖမ်းဆီးရမိသည့်ကားများသည် တစ်ရက်လျှင် ၁၈ စီးခန့် ဖမ်းဆီးရမိပြီး ကိုယ်ပိုင် ယာဉ်များ အများဆုံးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကရိန်းဖြင့်ဆွဲသွားသည့် ကားဝင်းထဲတွင် ရက်ကြာကားများ တည်ရှိခြင်းနှင့်ပတ်သက်ပြီး ရဲအုပ်အောင်မျိုး လွင်က “ကားဝင်းထဲမှာ ရက်ကြာပြီး ရှိနေတဲ့ကားတွေက အရေကြိုကားတွေ၊ သူက ပိုင်ရှင်ရှိတယ်။ ကား ၀င်းထဲမှာ သုံးစီးလောက်က တစ်လလောက် ကြာသွားတယ်”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ယာဉ်မရပ်ရလမ်းများတွင် ရပ်နားသည့် ယာဉ်များကို ကရိန်းယာဉ် ၂၀ ကျော်ဖြင့် နေ့စဉ် ဖမ်း ဆီးလျက်ရှိသည်။ စည်းကမ်းမဲ့ယာဉ်များကို ကရိန်းယာဉ်ဖြင့် သတ်မှတ်ယာဉ်ရပ်နားစခန်းသို့သယ်ဆောင် ခြင်းဖြစ်ပြီး ထိုယာဉ်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရလည်း အရေးယူခြင်းခံရ မည်ဖြစ်သည်။

စည်းကမ်းမဲ့ယာဉ်များကို ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန်၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေပြီး အများပြည်သူ သွားလာရေး အဆင် ပြေစေရန် သတ်မှတ်ထားသည့် လမ်းကြောင်းများတွင် ခရီးသည်အတင်အချပြုရန်မှတစ်ပါး မည်သည့် ယာဉ်မှ ရပ်နားခြင်းမပြုရန် ယာဉ်မရပ်ရနယ်မြေများ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

No comments: