Monday, April 28, 2014

တစ်နှစ်အတွင်း မြေသိမ်းပြဿနာ ဖြေရှင်းမည်ဆိုသည့် အစိုးရကတိမတည်နိုင်ဟု မြေယာကော်မရှင်ပြော

ဟိန်းကိုစိုး

မြေယာသိမ်းဆည်းခံရမှု ပြဿနာများ ပြည်သူတို့မနစ်နာရေး တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ဟု အစိုးရပေး ထားသည့်ကတိ တည်နိုင်မည်မထင်ဟု ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက မဇ္ဈိမကို ပြောသည်။

“အခု တိုင်း မြို့နယ်ကို စာပို့လိုက်၊ တိုင်းကိုစာပို့လိုက်နဲ့ သတ်မှတ်ထားတဲ့အချိန် ပြီးနိုင်မယ်မထင်ဘူး”ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

ယခင်အစိုးရခေတ်၌ တပ်မတော်အပါအ၀င် အစိုးရဌာနများ၊ ကုမ္ပဏီများ၏ စီမံကိန်းအသီးသီးကြောင့် လယ်ယာမြေသိမ်းယူခံခဲ့ရသူများ၏ နစ်နာမှုများကို ကုစားပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်၌ပင် ကော်မရှင်ဖွဲ့ ဆောင်ရွက်နေရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း မြေယာပြသနာ ၁၉ မှုမှ ၁၆ မှုကိုသာ ဖြေရှင်းပြီးစီးသေးကာ ယင်းသည် လွှတ် တော်ကော်မရှင် အစီရင်ခံစာ ပထမပိုင်းအတွက်သာရှိသေးသည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ ကော်မရှင်က မြေယာသိမ်းယူမှုဆိုင်ရာ ကဏ္ဍအသီးသီးနှင့်စပ်လျဉ်း၍ အစီရင်ခံစာများ ပြုစု၍ အစိုးရထံ ပေးပို့ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

ထို့ပြင် အစိုးရ၏ ဖြေရှင်းမှုနှေးကွေးနေသဖြင့် လုပ်ငန်းပြီးစီးမှုအခြေအနေကို လွှတ်တော်သို့ နှစ်လတစ် ကြိမ် တင်ပြရန် တိုက်တွန်းခဲ့ရသေးသည်။

သို့သော် အစိုးရဘက်ကမူ အသုံးပြုမထားသည့် စီမံကိန်းမြေများ ပြန်ပေးရေး ဆောင်ရွက်ရာ၌ မူလပိုင်ရှင်ထံ ပြန်ပေးရေးကိစ္စတွင် ပိုင်ဆိုင်မှုအငြင်းပွားမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဖြေရှင်းနေသဖြင့် နှောင့်နှေးနေသည်ဟု ပြောသည်။

ထို့ကြောင့် လယ်ယာမြေသိမ်းဆည်းခဲ့သူ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ၊ နစ်နာသူ၊ လွှတ်တော်ကိုယ်စားလှယ်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းနည်းဖြင့် ဆောင်ရွက်ရန် ကော်မရှင်ဥက္ကဋ္ဌထံ အကြံပြုမည် ဟု ဦးအောင်သိန်းလင်းက ပြောသည်။

“နောက်တစ်ပတ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်နဲ့ တွေ့မယ်၊ အဲဒီမှာ အခုလိုဆောင်ရွက်ဖို့ကို တင်ပြမယ်။ အဲဒီကနေ့မှတစ်ဆင့် ဥက္ကဋ္ဌရဲ့ဆုံးဖြတ်ချက် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်မယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ ကြန့်ကြာနေမှုများထဲတွင် ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် မြေယာစီမံခန့်ခွဲမှု ကော်မတီ အသီးသီးတွင် သိမ်းယူစဉ်က ဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများ ပါဝင်နေခြင်း၊ အဆိုပါကော်မတီများ တွင် တောင်သူတို့ မပါဝင်ခြင်းတို့သည်လည်း ပြဿနာများထဲမှ တစ်ခုဖြစ်သည်ဟု ဧရာဝတီတိုင်း၊ တောင်သူ လယ်သမားအကျိုးဆောင်အဖွဲ့မှ ဦးဇော်ရမ်းက ထောက်ပြသည်။

“အခုဟာက ကျေးရွာက မြို့နယ်ကို တင်တယ်။ အဲဒီကနေတစ်ဆင့် ခရိုင် တိုင်းမှတစ်ဆင့် သမ္မတဆီ ရောက်၊ နောက် အောက်ကိုပြန်ချ၊ အဲဒါနဲ့ မပြီးနိုင်တော့ဘူး။ နောက်တစ်ခု မြေသိမ်းမှုမှာ အာဏာပိုင်တွေ ကပါနေကြတော့ ဒါတွေကလည်း မပြီးနိုင်တဲ့အချက်ထဲမှာ တစ်ခုပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနှင့်သဘောတူစွာပင် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် ဧရိယာအတွင်း ကျရောက် သည်ဟုဆိုကာ ပေ ၉၀ ပတ်လည် မြေနှင့်အိမ်လျော်ကြေးမပေး သိမ်းယူခံရသူ မကွေးတိုင်း ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာမှ ဦးရွှေလေးကလည်း ပြောသည်။

“၂၀၁၃ ခုနှစ် ၁၀ လပိုင်းကတော့ လာတိုင်းသွားတယ်။ ပွင်းလင်းရာသီရောက်ရင် ပြန်ပေးမယ်ပြောပေ မယ့် အခုထိ ဘာမှမရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

အစိုးရဘက်က ဒု-သမ္မတဦးဉဏ်ထွန်း ဦးဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကြီး ကြပ်မှုဖြင့် လယ်ယာမြေပြဿနာများကို ဖြေရှင်းနေကာ တစ်နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဟု ၂၀၁၃၊ စက်တင်ဘာ စတင်ဖွဲ့စည်းစဉ်က ကတိပြုပြောဆိုထားသည်။

လွှတ်တော်သို့တိုင်ကြားထားသည့် မြေယာအမှုတွဲ စုစုပေါင်း ၇၄၅ မှုရှိနေပြီး တိုင်စာတို့ ထပ်မံလက်ခံရ ရှိနေသည်ဟု ကော်မရှင်အဖွဲ့ဝင်တို့က ပြောသည်။

No comments: