Monday, April 28, 2014

ကျွဲ၊ နွား အကောင် ၆၀ ပါ မှောင်ခိုစက်လှေ ဖမ်းမိ

ဇော်ဇော်ထွေး

မြန်မာ့ပင်လယ်ပြင်အတွင်း၌ ကျွဲ၊ နွား အကောင် (၆၀)ပါ တရားမ၀င် မှောင်ခိုစက်လှေတစ်စင်းကို ဧပြီ၂၃ ရက် နံနက် ၃ နာရီခွဲခန့်က ရေတပ်စစ်သင်္ဘောက လိုက်လံဖမ်းဆီးခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မှောင်ခိုစက်လှေအကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံတို့၏ သတင်းပေးချက်အရ မြန်မာ့ပင်လယ်ရေပိုင်နက် အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၆)က လိုက်လံဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သတင်းပေးချက်အရ စောင့်ဆိုင်းစဉ် မသင်္ကာဖွယ်စက်လှေအား တွေ့ရှိခဲ့သဖြင့် စစ်ဆေးရန်ခေါ်ယူသော်လည်း မောင်းနှင်ထွက်ပြေးခဲ့ရာ ရန်ကုန်မြို့၏တောင်ဘက် မိုင် ၄၀ အကွာတွင် လိုက်လံဖမ်းဆီးရမိခဲ့ သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် စက်လှေမှာ “ကျော်ဇောလင်း ၉၀၀” အမည်ရှိ သစ်သားကိုယ်ထည်ဖြစ်ပြီး သိန်းဦးဆိုသူ ပါ ခုနစ်ဦးနှင့်အတူ ကျွဲအရှင် ၁၇ ကောင်၊ အသေ သုံးကောင်၊ နွားအရှင် ၃၈ ကောင်၊ အသေ နှစ်ကောင်တို့နှင့်အတူ ဖမ်းဆီးရမိလိုက်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် သိန်းဦးပါခုနစ်ဦးကို အရေးယူပေးရန် ဧရာဝတီရေတပ်စခန်းဌာနချုပ် တိုက်ရေ ယာဉ် (၄၀၆)မှ တပ်ကြပ်ကြီးအောင်ရွှေက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက (ပ)၁၀၇/၂၀၁၄ဖြင့်အမှုဖွင့်ပြီး အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေပုဒ်မ ၅ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

မတ်လ ၁၆ ရက် ညကလည်း ကျွဲ ၁၉ ကောင်ပါ မှောင်ခိုစက်လှေတစ်စင်းကို မြန်မာ့ရေပိုင်နက်အတွင်း မှာပင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ (၆၂၃)ထောက်ပံ့ရေးရေယာဉ်က လိုက်လံဖမ်း ဆီးရမိခဲ့သည်။

No comments: