Monday, April 28, 2014

မန္တလေးတက္ကသိုလ် ညပိုင်းလုံခြုံရေး တိုးမြှင့်ထား

မျိုးသန့်

မန္တလေးတက္ကသိုလ်အတွင်းတွင် ညပိုင်းအချိန်၌ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ဧပြီလမှစတင်၍ လူဝင်လူထွက် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အဆို ပါတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ ၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။

"မန္တလေးတက္ကသိုလ်ဝင်းအတွင်းက မှောင်တဲ့နေရာပေါတာရော၊ ညပိုင်းအချိန် လူဝင်လူထွက် နည်းတာရောကြောင့် ပြဿနာ မဖြစ်ပွားအောင်၊ စာစစ်မှုတွေ ပြုလုပ်နေတာကြောင့် ညပိုင်းမှာ လူဝင်လူထွက် စစ်ဆေးမှုတွေကို လုပ်ဆောင် တာဖြစ်ပါတယ်၊ ည၇နာရီနောက်ပိုင်းကနေပြီး ၁၀နာရီအထိ တက္ကသိုလ်ဝင်းအတွင်းကို ပတ်ပြီး စစ်ဆေးမှု တွေလုပ်ဆောင်ပါတယ်၊ ၈နာရီနောက်ပိုင်းမှာ တက္ကသိုလ်ဝင်း အတွင်း နေထိုင်သူမှ အပ ကျန်လူတွေကို အပြင်ကိုပြန်ထွက်ခိုင်းပါတယ်"ဟု အဆိုပါ တက္ကသိုလ် အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောသည်။

မန္တလေးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော တက္ကသိုလ်ဝင်းအတွင်းတွင် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရန်၊ လတ်တလော အခြေအနေများအရ လုယက်မှုဖြစ်ပေါ်ခဲ့သဖြင့် ပိုမိုလုံခြုံစိတ်ချမှုရှိစေရန် အ၀င်အထွက်ဂိတ်များ စစ်ဆေးကာ လိုအပ်သော စည်းကမ်းချက်များထုတ်ပြန်နိုင်ရန် စသည့်တို့ကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

"ညပိုင်းအချိန်မှာ တက္ကသိုလ်ဝင်းအတွင်းမှာ စုံတွဲတွေ အများဆုံးလာရောက်ပါတယ်၊ ဒါတွေ ဒီထဲမှာရှိ၊မရှိက အရေးမကြီးပါ ဘူး၊ သူတို့ကို အဓိကထား ရည်ရွယ်တာမဟုတ်ပါဘူး၊ အခုလတ်တလောမှာဖြစ်နေတဲ့အခြေအနေ အရလုပ်ဆောင်တာဖြစ်ပါတယ်၊ ဒါ့အပြင် အတွဲမဟုတ်ဘဲ တစ်ဦးတည်း လာရောက် ထိုင်နေတာမျိုး ညပိုင်းမှာတွေ့ရင် စစ်ဆေးမေးမြန်းပါ တယ်"ဟု မန္တလေးတက္ကသိုလ်ရပ်ကွက် ဆယ်အိမ်မှူးကပြောသည်။

မန္တလေးတက္ကသိုလ်တွင် ၀င်ပေါက်များအဖြစ် မြောက်ဘက်အပေါက်ကိုသာ ဖွင့်လှစ်ထားရှိပြီး ည ၁၀နာရီ နောက်ပိုင်းတွင် ပိတ်ကြောင်း၊ အနောက်ဘက် အပေါက်ကိုမူ ပိတ်ထားကြောင်း၊ ည ၈နာရီကျော်လျှင် အ၀င် အထွက်လုပ်ဆောင်ခြင်းကို သတိပေးခြင်းကို လုပ်ဆောင်နေသည်။

အဆိုပါလုံခြုံရေးဆောင်ရွက်မှုများကို တက္ကသိုလ်လုံခြုံရေးအတွက် ထားရှိသော အဖွဲ့မှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ မန္တလေး တက္ကသိုလ်ဝင်းအတွင်းမှ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့်ဝန်ထမ်းများမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မတ်လက တက္ကသိုလ်ဝင်းအတွင်း နေထိုင်သည့် ဆရာမတစ်ဦး ၀င်းအတွင်း ညပိုင်းသွားလာစဉ် ပိုက်ဆံအိတ်လုယူခံရမှုဖြစ်ပွားခဲ့သည်။

No comments: