Wednesday, April 30, 2014

လိင်စိတ်ကြွဆေး ရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်တစ်ဦးကို ဖမ်းဆီး

ဇော်ဇော်ထွေး

သင်္ဃန်းကျွန်းမြို့နယ်တွင် လိင်စိတ်ကြွဆေး ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင် တစ်ဦးကို ဧပြီ ၂၆ ရက် ဆေးဝါးများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ နေ့လယ် ၁၂ နာရီကျော်အ ချိန်က င/က ရပ်ကွက်၊ ဇာဝေယာလမ်း၊ အမှတ် (၄၃/ခ)တွင် ဖွင့်လှစ် ရောင်းချနေသည့် သစ်လွင် (ခ)ရက်ဇက် (၁၈)နှစ်၏ ဆေးဆိုင်ကို မြို့နယ်ကျန်းမာရေး၊ မြို့နယ် အုပ်ချုပ်ရေး မှာ တာဝန်ရှိသူများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်အတွင်းမှ ငွေကျပ် တစ်သောင်းလေးထောင် တန်ဖိုးရှိ လိင်မဆက်ဆံမီအသုံးပြု သောက်သုံးရသည့် ကာမစိတ်ကြွ ဆေးအမျိုးစားပေါင်းစုံကို ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် ၎င်းနေထိုင်သည့် ရန်ဝေလမ်း၊ အမှတ် (၁၀) နေအိမ်အတွင်းမှလည်း ကာမစိတ်ကြွဆေးများ၊ သားဆက်ခြားဆေးများနှင့် အခြားဆေးမျိုးစုံ တန်ဖိုးငွေကျပ် ၁၆,၀၀၀ ဖိုးခန့်ကို ဖမ်းဆီးရမိခဲ့သည်။

ယင်းကြောင့် သစ်လွင်(ခ)ရက်ဇက်ကို အရေးယူပေးရန် ဒု-ရဲအုပ်သန်းစိုးက တရားလိုပြုလုပ် တိုင်တန်းလိုက်သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၁၃၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

No comments: