Tuesday, April 29, 2014

သဘာဝဓာတ်ငွေ့မှရသည့် ၀င်ငွေထက်ဝက်ကို ဒေသအတွက် ခွဲဝေပေးရန် ရခိုင်ညီလာခံ တောင်းဆို

မောင်သင်တုန်း၊ ကေဇူး

ရခိုင်ပြည်နယ်အတွင်းထွက်ရှိသော ရေနံ၊ သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ ၀င်ငွေ ငါးဆယ်ရာခိုင်နှုန်းကို ပြည်နယ်မှ အကျိုးခံစားခွင့် ရရှိရန် ကျောက်ဖြူမြို့တွင်ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံတွင် ပညာရှင်များနှင့် ဒေသခံများက ဆွေးနွေးတောင်းဆို လိုက်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကုန်းတွင်းရေနံလုပ်ကွက်နှစ်ခုနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်၂၃ ခုရှိပြီး နိုင်ငံတကာ ကုမ္ပဏီများက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

“သဘာဝဓာတ်ငွေ့နဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးကို မီးလင်းဖို့လိုတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ ၀င်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရဖို့လိုတယ်။ လူထုအနေနဲ့လည်း တောင်းဆိုဖို့ လိုတယ်”ဟု ရေနံစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာကိုကျော်ခိုင်က ညီလာခံတွင် ဆွေးနွေးပြောဆိုလိုက် သည်။

ရေနံ သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းများနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်၊ မည်သည့်ကုမ္ပဏီများက မည်မျှကြာ တူးဖော်ဆောင်ရွက်မည်ကို ဗဟိုအစိုးရက ပြည်နယ်အစိုးရ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာဒေသခံများအထိ သိရှိရန် သတင်းအချက်များ ထုတ်ပြန်ပေးရန်လိုအပ်ပြီး ကုမ္ပဏီများနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်နိုင်ရန် ပြုလုပ်ရမည်ဟု ရခိုင်အမျိုးသားညီလာခံတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

အမျိုးသားလွှတ်တော်၏ သတ္တုနှင့် သဘာဝသယံဇာတကော်မတီဥက္ကဋ္ဌ ဦးလှဆွေက “ရခိုင်ပြည်နယ်က ထွက်တဲ့ သယံဇာတရဲ့ တစ်ဝက်ကို သူတို့ဒေသခံတွေကိုပဲ ပေးဆိုတာတော့ မဖြစ်သင့်ဘူး။ ဒီလိုတောင်းဆိုတာ အရမ်းစောလွန်းနေတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ သယံဇာတထွက်တဲ့ပြည်နယ်က နည်း နည်းပဲရှိတယ်။ နာဂဆိုရင် သယံဇာတ လုံးဝမထွက်ဘူး။ သူ့ကို တခြားသယံဇာတထွက်တဲ့ ပြည်နယ်က ခွဲဝေပေးသင့်တယ်။ အဲ့ဒါမှ မျှတမှုရှိမှာပါ့။ ရခိုင်ပြည်နယ်က မြန်မာ့ကမ်းလွန်ပြင်မှာ တည်ရှိတာဆိုတော့ ရခိုင်ပြည်ကထွက်သမျှ သယံဇာတအားလုံးက မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ ဒီလို ဒေသတွင်းပဲပေးရ မယ်လို့ ပြောလို့မရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးမှရမှာပေါ့။ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ အကျိုးအမြတ်က အခုထိ ဘာမှ သိပ်မရှိသေးဘူး။ ရွှေသဘာဝဓာတ်ငွေ့ဆိုလည်း ပိုက်လိုင်းသွယ်ထား တာလောက်ပဲရှိတယ်။ ရေနံဆိုတာကလည်း ဟိုးအရင်ထဲက ထွက်နေတာလောက်ပဲရှိတယ်”ဟု ပြော သည်။

ရခိုင်ပြည်နယ်အတွက် ရသင့်ရထိုက်သည့်နှုန်းထားများကို စာချုပ်စာတမ်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်းဆိုသွားရမည်ဟုလည်း ညီလာခံတွင် ဆွေးနွေးခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရကသာ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးမောင်မောင်သိန်းက “ရေနံ သဘာဝဓာတ်ငွေ့အကျိုးကို ဒေသခံတွေ အသုံးချခွင့် မရပါဘူး။ သူများတွေက ဒီအဖူးအပွင့်ကို ခံစားနေရပါပြီ”ဟု သဘာဝသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးသည့် ညီလာခံတွင် ပြောကြားသည်။

ရခိုင်ပြည်သူနှင့် ပြည်နယ်အစိုးရက စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်နယ်ထွက်ရှိလာသည့် ရေနံ သဘာဝဓာတ်ငွေ့များကို ပြည်နယ်အစိုးရက စီမံခန့်ခွဲပြီး လိုအပ်လာသည့် အခွန်များကို ပြည်ထောင်စု အစိုးရကို ပေးသွင်းသည့်စနစ် ဆောင်ရွက်ရမည်ဟု ပညာရှင်များက ထောက်ပြဆွေးနွေး တောင်းဆိုကြသည်။

သတ်မှတ်ထားသည့်ဥပဒေများ စံချိန်စံညွှန်းများမရှိခြင်း၊ ထုတ်လုပ်မှုအခြေအနေများကို ထုတ်ပြန်ပေးမှု မရှိခြင်းတို့ကြောင့် သယံဇာတများ ဆုံးရှုံးရသည်ဟု ဆိုသည်။

စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ခြင်းမပြုလုပ်နိုင်ပါက နောင်တစ်ချိန်လျှင် ရခိုင်ပြည်နယ်သည် အခွံအဖြစ်သာကျန်ရှိခဲ့မည်ဟု Sky Youth မှ ဒါရိုက်တာ ကိုစိုးရွှေက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် မလေးရှား၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ နယ်သာလန်၊ အမေရိကန် စသည့် နိုင်ငံကြီးများရှိ ကုမ္ပဏီကြီးများက လာရောက်တူးဖော်ခြင်းများ လုပ်ကိုင်ကြသည်။

လက်ရှိအချိန်မှာ ရွှေသဘာဝဓာတ်ငွေ့မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ကုဗပေသန်း ၅၀၀ တင်ပို့ရောင်း ချနေပြီး မြန်မာနိုင်ငံအတွက် နေ့စဉ် ကုဗပေသန်း ၁၀၀ ရရှိပြီး ကျောက်ဖြူဒေသအတွက် ကုဗပေသန်း ၂၀ ခွဲတမ်းအဖြစ် အသုံးပြုခွင့်ရရှိထားသည်။

No comments: