Tuesday, April 29, 2014

ကြံ့ခိုင်ရေး၏ ရွေးကောက်ပွဲစီမံချက် ရွေးကောက်ပွဲ တစ်လအလို အပြီးရေးမည်

ရွှေရည်ဝင်းထက်

ပြီးခဲ့သော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ ပြိုင်ဘက်ပါတီများအပေါ် ပေါ့လျော့ခဲ့သည့် အားနည်း ချက်မျိုး မဖြစ်စေရန် အဓိကထား ရေးဆွဲလျက်ရှိသော ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးစီမံ ချက်ကို ကြားဖြတ်ရွေးကောက်ပွဲကာလ မကြေညာမီ တစ်လအလိုတွင် အပြီးရေးဆွဲသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ အောင်နိုင်ရေးစီမံချက်ကို ၂၀၁၄ ခုနှစ် ဧပြီလ ၁၈ ရက်မှ စတင်ရေးဆွဲနေခြင်းဖြစ်သည်။ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလတွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာလာ ပါက စီမံချက်ကို နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲပြီး အဆိုပါစီမံချက်အတိုင်း ရွေးကောက်ပွဲစည်းရုံးရေး လုပ်ငန်းများ စတင် အကောင်အထည်ဖော်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပေါ့လျော့မိခဲ့ သည့်အတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုသို့မဖြစ်ပေါ်စေရန် ယခုရေးဆွဲနေသည့် ရွေး ကောက်ပွဲအောင်နိုင်ရေးစီမံချက်တွင် အဓိကအနေဖြင့် ထည့်သွင်းသွားမည်ဟု ဦးသာဝင်းက ဆိုသည်။

“အခုရေးဆွဲတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးက ၂၀၁၂ ပေါ်မှာတည်ပြီး လုပ်တာ။ ၂၀၁၂ တုန်းက ကျွန်တော်တို့ဘက်က ပေါ့လျော့တာရှိတယ်။ တစ်ဖက်ပါတီကို အာရုံစိုက်မှုနည်းတဲ့အတွက် မမျှော်လင့်ထား တာတွေဖြစ်သွားတယ်။ ပြိုင်ဘက်ပါတီက ထိုးထိုးဖောက်ဖောက်နဲ့ အလုပ်လုပ်နေတဲ့ အချိန်မှာ ကျွန်တော် တို့ပါတီက ရိုးရိုးလုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ခဲ့တယ်။ အခု လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အဲလို တွေမဖြစ်ရအောင် ရွေးကောက်ပွဲအောင်နိုင်ရေးမှာ ထည့်သွင်းရေးဆွဲသွားမှာပါ”ဟု ပြောသည်။

လစ်လပ်နေသည့် ၃၁ နေရာအတွက် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တရားဝင် ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။ ပြည်ခိုင်ဖြိုးပါ တီအနေဖြင့် ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး၌ နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ရေးဆွဲနေသည့် ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက်ကို ရန်ကုန်တိုင်းအတွင်းရှိ လစ်လပ်နေ ရာငါးနေရာဖြစ်သည့် တောင်ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ အင်းစိန်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အ မှတ်(၆)တို့တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင်ဦးတင့်ဇော်က “နိုင်ငံရေးပါတီဆိုတာ ပြည်သူထောက်ခံမှ၊ ပြည်သူ့ထောက်ခံမှုနဲ့မှ ရတာ။ ဒေသအကျိုး၊ ပြည်သူအကျိုးကို လိုလားတဲ့၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မှာပါ”ဟု ပြော သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အဓိကယှဉ်ပြိုင်ဘက်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့်တော့ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့် ပါတီစည်းရုံးရေးလုပ်ငန်းများကို ရွေးကောက်ပွဲမကျင်းပမီ သုံးလအလိုမှသာ လုပ်ဆောင်မည်ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မဇ္ဈိမကိုပြောထားသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၅၂ ရာခိုင်နှုန်းဖြင့် အများဆုံး နေရာယူထားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ကိုယ်စားလှယ် ၄၆ ဦးဖြင့် ဒုတိယအများ ဆုံးနေရာတွင် ရပ်တည်လျက်ရှိသည်။

No comments: