Friday, June 27, 2014

၁၅ နှစ်အတွင်း မီးဖိုချောင်သုံးဂက်စ်ဈေး သုံးဆမြင့်တက်

ဖိုးစိုးသူ

၁၅ နှစ်တာကာလအတွင်း မီးဖိုချောင်သုံး ဂက်စ်ဈေး သုံးဆခန့် မြင့်တက်လာ၍ အခြေခံအစားအသောက်များ ဈေးမြင့်တက်လာကြောင်း ရန်ကုန်မြို့အစားအသောက်ရောင်းချသူများနှင့် မီးဖိုချောင်သုံး ဂက်စ်ရောင်းချသူများက ပြောသည်။

မီးဖိုချောင်သုံးဂက်စ် တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်မှ လက်ရှိအချိန်တွင် ကျပ် ၈,၅၀၀ နှင့် ကျပ် ၁၀,၀၀၀ ကြား ရောင်းချနေရပြီး ၀ယ်ယူသုံးစွဲမှုများပြားချိန်ပစ္စည်း ရှားပါးလာခြင်းကြောင့်ဖြစ်သည်ဟု လူလေးဂက်စ် အရောင်းဆိုင်ပိုင်ရှင် ဦးလူလေးက မဇ်္ဈိမကို ပြောသည်။

“ အရင်တုန်းကတော့ ဂက်စ်သုံးစွဲသူလည်းနည်းတယ်။ အခုသုံးစွဲသူများလာတယ်။ ပစ္စည်းရှားတယ်။ ဒါ ကြောင့်ဈေးတက်တာ။ ကျွန်တော်တို့အနေနဲ့ကတော့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနဲ့ စွမ်းအင်ဝန်ကြီး ဌာနခွင့်ပြုချက်နဲ့ နယ်စပ်ကနေတိုက်ရိုက်တင်သွင်းတယ်။ ဒါပေမဲ့ ထိုင်းမှာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဂက်စ်တွေကို ပြည်ပပို့တဲ့လမ်းကြောင်း ပိတ်ပင်လိုက်တဲ့အချိန်ကစပြီး ဂက်စ်ဈေးတွေမြင့် တက်လာတာပါ ” ဟု ဆိုသည်၊၊

မီးဖိုချောင်သုံးဂက်စ် ဈေးမြင့်မားလာ၍ စားသောက်လုပ်ငန်းရောင်းချနေသူများလည်း အစားအသောက်များ ကို ဈေးနှုန်းမြှင့်တင်ရောင်းချနေရသည်ဟု ကျောက်မြောင်းရပ်ကွက်အတွင်းရှိ ကြေးအိုးဆီချက်အရောင်း ဆိုင်ပိုင်ရှင် ဦးစိုးပိုင်က ဆိုသည်။

“ အရင်က ကြေးအိုးဆီချက်တစ်ပွဲကို ၂,၅၀၀ ရောင်းတယ်။ အခုဂက်စ်ဈေးတွေက ရက်ပိုင်းအတွင်း တစ် ပိဿာကို ၃,၀၀၀ ကနေ ၈,၀၀၀ အထိ ဈေးတက်သွားတော့ အခုကြေးအိုးတစ်ပွဲကို ၃,၀၀၀ နဲ့ ရောင်းနေရ တယ်။ တစ်ခါမှ ဒီလောက်ဈေးမတက်ဖူးဘူး။ ဒီတစ်ခါ ဈေးတက်တာ အရမ်းကြမ်းတယ် ” ဟု ဆိုသည်။

တာမွေဈေးအနီး တွန်းလှည်းဖြင့်ရောင်းချသော ကိုရီးယားအကြော်အလှော်ရောင်းချသူဈေးသည် တစ်ဦးက လည်း “ ကိုရီးယား ကင်တစ်ခု ၅၀ တန်ကို ၁၀၀ နဲ့ တိုးရောင်းရတယ်။ ၁၀၀ တန်ကို ငါးရာဖိုးလေးခုနဲ့ ရောင်းရတယ်။ ဈေးကတင်မရောင်းလို့မရဘူး။ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး ” ဟု ဆိုသည်။

ဂက်စ်ရောင်းချသူများအနေဖြင့် လွန်ခဲ့သော ၁၅ နှစ်ခန့်မှစတင်ပြီး ဈေးကွက်အတွင်း ပစ္စည်းရှားပါးခြင်း၊ ပစ္စည်းပြတ်လပ်ခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ယခုကဲ့သို့ အဆမတန်ဈေးကြီးမြင့်ခြင်း တစ်ကြိမ်တစ် ခါမှ မကြုံခဲဖူးဘူးဟု ဂက်စ်ရောင်းချသူများက ဆိုသည်။

လက်ရှိအချိန်တွင် မီးဖိုချောင်သုံးဂက်စ် တစ်ပိဿာလျှင်ကျပ် ၁၀,၀၀၀အထိ ဈေးကွက်အတွင်း ပေးဝယ်နေရပြီး ဂက်စ်လိုအပ်သူများအနေဖြင့် အလုံအလောက်လည်းမရဘူးဟု ဂက်စ်သုံးစွဲ၍ရောင်းချသော ဈေးသည်များ က ဆိုသည်။

“ အရင်တုန်းက ဂက်စ်ကိုလိုချင်သလောက်ရတယ်။ အခုဆိုရင် တစ်ပိဿာမှာရင် ၅၀ သားလောက်ပဲရတော့ တယ် ”ဟု တာမွေမြို့နယ်မှ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

No comments: