Friday, June 27, 2014

တပ်စွန့်လွတ်မြေတချို့ပြည်သူထံပေး

ဖြိုးဝေအောင်

တပ်မှစွန့်လွတ်လိုက်သည့် လယ်ယာမြေများတချို့ကို ကယား(ကရင်နီ)ပြည်နယ် အစိုးရမှ ပြည်သူများထံ ယာယီမှတ်ပုံတင် လက်မှတ်ဖြင့် ပြန်လည်ပေးအပ်သွားခဲ့သည်ဟု သိရသည်။

ပည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးဦးပိုရယ်ရန်အောင်က “တပ်မြေသိမ်းဆည်းမှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတက တပ်တည်ဆောက်ရန် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့် မြေများကို ပြေစာချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများ လုံးဝမပြုလုပ်ရန် တပ်ဌါနချုပ်၏ လုံခြုံရေးလိုအပ်ချက်များနှင့် တပ်လေ့ကျင့်ရေးကွင်း လိုအပ်ချက်များအတွက် အမှန်တကယ်လိုအပ်တဲ့ အနည်းဆုံးဧရိယာ အကျယ်အ၀န်းကိုသာ ရယူပြီး ကျန်မြေပိုများကို မူလပိုင်ရှင်များထံကို ပြန်လည်ပေးအပ်ရန် မူဝါဒ ချမှတ်ပေးခဲ့ပါတယ်”ဟု ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု (၄)မိုင်စံပြကျေးရွာတွင် ကျင်းပသော လယ်ယာမြေအပ်နှင်းပွဲ အခမ်းအနားတွင် ပြောဆိုသွားခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် လယ်ယာမြေဧက (၁၀၆၅) ဧကဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ် အတွင်းတွင်မူ ဧကပေါင်း စုစုပေါင်း၂၅၂၃.၈၀ ဧက ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့နယ်တွင် အမှတ်(၃၆၂) အမြောက်တပ်ရင်းမှ (၆၃ရ)ဧက၊ ငွေဆောင်(အကျဉ်းဦးစီး) မှ (၄၂၇)ဧက ဖြစ်သည်။

တပ်မှစွန့်လွတ်လိုက်သည့်လယ်ယာမြေများ ပြန်ရရှိရန် ကျန်ရှိနေသေးသည့်အတွက် ထပ်မံစီစစ်ပေးရန်လည်း ရှိနေသေးကြောင်း လွိုင်ကော်မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးအောင်ရွှေက ပြောပါသည်။

“ကျန်ရှိတဲ့ ကျနော်တို့မှာလျှောက်ထားတဲ့ (၁၇၂) ဦးကျန်ရှိပါသေးတယ်။ အဲဒါကိုလည်း ထပ်မံစီစစ်ပေးတော့မှ ယာယီမှတ်ပုံလက်မှတ် ပေးအပ်ရန် ကျနော်တို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယာယီမှတ်ပုံတင် လက်မှတ်ဖြင့်သာ ပြန်လည်ပေးအပ်သည့်အတွက် တောင်သူများအနေဖြင့် ယုံကြည်မှု မရနိုင်သေးကြောင်း ပုံစံ (၁၀၅) ကဲ့သို့ တရားဝင်လက်မှတ် ရလိုကြောင်း လောပိတကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာနေ တောင်သူတစ်ဦးကပြောသည်။

“ယာယီဆိုတော့ အစိုးရတွေအပေါ်မှာပဲမူတည်တာပေါ့။ ကျနော်တို့ကတောင်သူလယ်သမားတွေဆိုတော့ ဘယ်လိုပြောရမှာလဲ ယာယီဆိုတော့လည်း ယာယီလောက်ပဲ လက်ခံရတယ်။ လိုချင်တာကတော့ဗျာ နိုင်ငံတော်က ခွင့်ပြုသည့်ပုံစံအတိုင်း ပြန်ပြီးတော့လိုချင်တာပေါ့။ ယာယီဆိုတော့ ဘယ်တုန်းကမှ စိတ်ချတယ်ဆိုတာ မရှိဘူးပေါ့” ဟု ပြောသည်။

No comments: