မို့မို့ကြည်
ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ပေးမည့် မြစိမ်းရောင်စီမံကိန်းကို ပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံရှိ တရုတ်ပို့ကုန် သွင်းကုန်ဘဏ် (China Export Import Bank) က ဒေါ်လာ ၁၆ သန်းကို ချေးယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်းက ဇွန်လ ၂၃ တွင် မဇ်္ဈိမကို ပြောသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းကို မြန်မာတစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း ၁,၁၅၀ တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာတစ်ရွာလျှင်ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။
“ အခုလက်ရှိကျေးရွာပေါင်း ၁,၁၅၀ မှာဆောင်ရွက်နေတဲ့ မြစိမ်းရောင်စီမံကိန်းကို ကျေးရွာတော်တော်များ များကစိတ်ဝင်စားပါတယ်။ ဒါကြောင့် နောက်ထပ်ကျေးရွာအသစ်တွေမှာ မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်ပြီး ချေးငွေကျပ်သိန်း ၃၀၀ စီ ထောက်ပံ့ပေးနိုင်ဖို့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China Export Import Bank) ဆီမှာ မေလတုန်းက ချေးငွေ အဆိုပြုလွှာတင်ပြထားပါတယ်။ စီမံကိန်းက ကျေးရွာတွေအတွက် တကယ်အကျိုးရှိ၊ မရှိဆိုတာကို တရုတ်ပို့ကုန်၊ သွင်းကုန်ဘဏ်ကနေလာပြီးတော့ စစ်ဆေးအုံးမှာပါ။ တကယ်အကျိုးရှိတယ်ဆိုမှ သူတို့က လည်းချေးပေးမှာပါ”ဟု ဒေါက်တာဇာနည်မင်းက ပြောသည်။
တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China Export Import Bank) ထံမှချေးယူမည့် အမေရိကန်ဒေါ်လာ ၁၆ သန်းအနက် ဒေါ်လာရှစ်သန်းအား အတိုးမဲ့ချေးငွေပုံစံဖြင့်လည်းကောင်း၊ ကျန်အမေရိကန်ဒေါ်လာ ရှစ် သန်းကို အတိုးနှုန်း နှစ်ရာခိုင်နှုန်း ဖြင့်လည်းကောင်း ချေးယူနိုင်ရန် တင်ပြထားသည်ဟုလည်း ဒေါက်တာ ဇာနည်မင်းက ပြောသည်။
“ အခုလက်ရှိမှာတစ်ရွာကိုကျပ်သိန်းသုံးရာနှုန်းနဲ့ချင်းပြည်နယ်ကရွာတွေကို ပေးနေတာရှိပါတယ်။ ကျေးရွာ တွေမှာရှိတဲ့ ချေးငွေစီမံခန့်ခွဲရေးကော်မတီတွေမှုတွေရဲ့ တာဝန်ခွဲဝေမှုအပိုင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ နေသးလို့ အပြည့်အ၀တော့ အကောင်အထည်မဖော်နိုင်သေးဘူး။ ဒါကိုဘယ်လိုပုံစံနဲ့ ညှိနှိုင်းလုပ်ဆောင် မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပါ” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇိုဘွဲက မဇ်္ဈိမကို သတင်းစာကို ပြောသည်။
အဆိုပါချေးငွေရရှိပါက ပြည်နယ်နှင့် တိုင်းဒေသကြီးရှိကျေးရွာများမှ ကျေးရွာ ပေါင်း ၅၁၅ ရွာကိုရွေးချယ်၍ ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ယင်းငွေကို ကျေးရွာများက ၀န်ကြီးဌာနသို့ပြန်လည်ပေးဆပ်ရန်မလိုအပ်သော်လည်း တရုတ်ပို့ ကုန်သွင်းကုန်ဘဏ် (China Export Import Bank) ထံမှချေးယူမည့် အမေရိကန်ဒေါ်လာ ၁၆ သန်းကိုမူ ၀န်ကြီးဌာနက မိမိအစီအစဉ်ဖြင့် ပြန်လည်ပေးဆပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာဇာနည်မင်းက ရှင်းပြသည်။
No comments:
Post a Comment