Sunday, November 23, 2014

လွှတ်တော်အမတ်များ လစာစရိတ် အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် အမည်စာရင်းတောင်း

မောင်သင်တုန်း

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံး ကျပ် ၁၆ သိန်းအထိ လစာခံ စားခွင့်ပြုသည့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များကို အမျိုးသားလွှတ်တော်တွင် ပြန်လည် ဆွေးနွေးသွားရန် အမည်စာရင်းတင်သွင်းရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာသည်။

“ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာပါသည်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်ဆွေးနွေးလိုသည့် အကြောင်းအရာများကို နိုဝင်ဘာ ၂၄ ရက်နောက်ဆုံးပေးသွင်းရန် ကြေညာပါသည်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးမည် ဖြစ်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လစဉ်ချီးမြှင့်ငွေ ကျပ်သုံး သိန်းခံစားခွင့်ရှိသည့်အချက် ကို “အနည်းဆုံးကျပ် ၁၀ သိန်းမှ ကျပ် ၁၆ သိန်းအထိ ခံစားခွင့်ရှိသည်” ဟု ပြည်သူလွှတ်တော်က သဘော တူအတည်ပြုထားသည်။

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရှိ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို လည်း လစဉ်ချီးမြှင့် ငွေကျပ် နှစ်သိန်းခံစားခွင့် ရှိသည့် အချက်ကို လစဉ်အနည်းဆုံး ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်းအထိခံစားခွင့်ရှိသည်ဟု ပြည်သူ့ လွှတ်တော်က သဘောတူအတည်ပြု ပေးထားသည်။

ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အနည်းဆုံးကျပ် ၁၀ သိန်းမှ ၁၆ သိန်းအထိ လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ရွေးကောက် တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အနည်းဆုံးကျပ် ငါးသိန်းမှ ၁၀ သိန်း အထိခံစားခွင့်ပြုသည်ဟု ပြည်သူ့လွှတ်တော်ကအတည် ပြုဆုံးဖြတ်ထားသည်။

အထက်ပါ ပြည်သူ့လွှတ်တော်အတည် ပြုချက်များကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် နိုဝင်ဘာ ၂၄ ရက်အထိ အမည်စာရင်းတင်သွင်းခြင်း မရှိလျှင် အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု သွားမည် ဖြစ်သည်။

No comments: