Sunday, November 23, 2014

မြန်မာလုပ်သား ၅၀၀၀ နီးပါးခေါ်ယူရန် မြန်မာနှင့် မကာအို သဘောတူ

သိုက်ဇင်

မကာအိုက ၁ နှစ်ကို မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၅၀၀၀ နီးပါး တရားဝင်ခေါ်ယူသွားဖို့ မြန်မာနဲ့မက္ကအို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအသင်းတို့ မနေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

မကာအိုကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင်သွားရောက်လုပ်ကိုင်နိုင်ဖို့အပြင် လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့အတွက် မကာအို-မြန်မာ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းတို့က ဒီကနေ့ ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ နှစ်နိုင်ငံသဘောတူမှု စာချွန်လွှာ (MOU) ရေးထိုးခဲ့တာပါ။

မကာအို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအဖွဲ့ခေါင်းဆောင် မစ္စတာကွမ်ကျိုး KUONG KAO က ဒီကနေ့ နှစ်နိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအသင်းအကြားမှာ MOU ထိုးပြီးတဲ့နောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မြန်စေလွှတ်ပေးစေလိုတဲ့အကြောင်း အခမ်းအနားမှာ တိုက်တွန်းခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်ဈေးကွက်အနေနဲ့ မကာအိုကပေးမယ့်လစာက အနိမ့်ဆုံး ကန်ဒေါ်လာ ၇၅၀ ရှိလို့ အလားအလာကောင်းတဲ့ဈေးကွက်တခုပါလို့ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

မကာအိုက မြန်မာလုပ်သားတွေကို အလုပ်အကိုင်ခေါ်ယူတဲ့နေရာမှာ ၀န်ဆောင်မှုနဲ့ ဆောင်လုပ်ရေး လုပ်ငန်းတွေအတွက် အများဆုံးခေါ်ယူသွားမှာဖြစ်ပြီး ၁ နှစ်ကို မြန်မာလုပ်သားဦးရေ ၅၀၀၀ နီးပါး ခေါ်ယူဖို့ရှိတယ်လို့ မစ္စတာကွမ်ကျိုး KUONG KAO က ဒီဗွီဘီကို ပြောပါတယ်။

မကာအိုမှာ လက်ရှိလုပ်ကိုင်နေတဲ့ ပြည်ပလုပ်သားဦးရေက ၁ သိန်း ၆ သောင်းရှိတဲ့အနက် တရုတ်လူမျိုးက အများစုဖြစ်ပြီး ၁ သိန်းနီးပါးရှိကာ ဗီယက်နမ် အပါအ၀င် အခြားနိုင်ငံတွေရဲ့လုပ်သားဦးရေက ၆ သောင်းနီးပါး ရှိပါတယ်။

No comments: