Thursday, November 27, 2014

ရိုဟင်ဂျာ ကလေးငယ် သြစီမှာနေခွင့်ရမရ စောင့်ဆိုင်းကြ

ABC

သြစတြေးလျ ​ပြည်မမှာ ​ခိုလှုံခွင့်တောင်းခံလိုသူ ​မိဘတွေကနေ ​မွေးလာတဲ့ ​ရိုဟင်ဂျာ ​ကလေးငယ်ကို ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့်ပေးဖို့ ​ရှေ့နေတွေက ​ထပ်မံအယူခံခဲ့ကြတဲ့အတွက် ​အဖြေကို ​စောင့်ဆိုင်းနေကြပါတယ်။

အဲဒီရိုဟင်ဂျာ ​မိသားစုဟာ ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ရောက်လာတဲ့အတွက် ​သြစတြေးလျ ​အစိုးရက ​ပြည်မမှာ ​နေထိုင်ခွင့်မပေးပဲ ​Nauru ​ကျွန်းနိုင်ငံက ​ထိန်းသိမ်းရေး ​စခန်းကို ​ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ​ကျန်းမာရေးအခြေအနေကြောင့် ​ကိုယ်ဝန်သည် ​ရိုဟင်ဂျာ ​အမျိုးသမီးကို ​သြစတြေးလျနိုင်ငံကို ​ခေါ်လာပြီး ​Ferouz ​ဆိုတဲ့ ​ကလေးကို ​မွေးပေးခဲ့ပါတယ်။

ကလေးမွေးပြီးရင်တော့ ​ထိန်းသိမ်းရေးစခန်းကို ​ပြန်ပို့ခံရဖို့ ​ရှိပေမယ့် ​သြစတြေးလျနိုင်ငံမှာ ​မွေးတဲ့ ​ကလေးငယ်ကို ​သြစတြေးလျမှာ ​နေထိုင်ခွင့်ပေးဖို့ ​ရှေ့နေတွေက ​တောင်းဆိုပြီး ​အစိုးရနဲ့ ​တရားရုံးမှာ ​တရားရင်ဆိုင်ကြတာ ​ဖြစ်ပါတယ်။ ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနကတော့ ​အဲဒီကလေးငယ်ဟာ ​သြစတြေးလျနိုင်ငံကို ​တရားမဝင် ​ဝင်လာတဲ့ ​မိဘနှစ်ပါးက ​ဆင်းသက်လာတဲ့အတွက် ​နေထိုင်ခွင့် ​မပေးနိုင်ဘူးလို့ ​ပြောပါတယ်။

အရင်လမှာတော့ ​တရားရုံးက ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီးဘက်က ​ရပ်တည်ပြီး ​အဲဒီ ​ရိုဟင်ဂျာ ​ကလေးကို ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့်မပေးဖို့ ​ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ ​အခုအခါမှာ ​ထပ်မံ ​အယူခံဝင်ထားတဲ့အတွက် ​နေထိုင်ခွင့်ရမလားဆိုပြီး ​လွှတ်တော်အမတ်တွေရဲ့ ​ဆုံးဖြတ်ချက်ကို ​စောင့်ဆိုင်းနေကြပါတယ်။

အဲဒီ ​ရိုဟင်ဂျာ ​ကလေးငယ်သာ ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့်ရမယ်ဆိုရင် ​သူ့လို ​အခြေအနေတူညီတဲ့ ​တခြား ​ကလေးငယ် ​အယောက် ​၁၀၀ ​ကျော်ကလည်း ​နေထိုင်ခွင့်ရမှာ ​ဖြစ်ပါတယ်။

ကလေးငယ်ကနေ ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့်ရရင် ​မိဘအုပ်ထိန်းသူနဲ့ ​တခြားမောင်နှမတွေလည်း ​နေထိုင်ခွင့် ​ရရှိမှာ ​ဖြစ်ပါတယ်။

No comments: