Thursday, November 27, 2014

လစာနှင့်ချီးမြှင့်ငွေ မတိုးလျှင် အရည်အချင်းမရှိသည့် အမတ်များ ပေါ်ပေါက်နိုင်သည်ဟု ဆို

အောင်သူရထွန်း

လွှတ်တော် ကိုယ်စားလှယ်များ၏ စရိတ်၊ အဆောင်အယောင်နှင့် ချီးမြှင့်ငွေတို့ကို လက်ရှိခံစားနေရသည်ထက် ပိုမိုတိုးမြှင့်ပေးခြင်း မရှိပါက ဒုတိယအကြိမ်လွှတ်တော်တွင် အရည်အချင်းမပြည့်မီသော အမတ်လောင်းများ ကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင်း ရောက်ရှိလာနိုင်သည်ဟု ဦးဇုန်လှယ်ထန်းက ဆိုသည်။

ချင်းတိုင်းရင်းသားအမတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း က “လွှတ်တော်မှာ အခုလက်ရှိပုံစံနဲ့ စရိတ်တွေရှိနေမယ် ဆိုရင် လွှတ်တော်ထဲမှာ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ ရောက်မလာမှာကိုလည်း စိုးရိမ်ရပါတယ်” ဟု လွှတ်တော်သို့ အသိပေးပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အခက်အခဲများစွာရှိသည့်အပြင် ကိုယ်စားလှယ်အဖြစ်သို့ အရွေးခံရသည့် လွှတ်တော်အမတ်များက မိမိမဲဆန္ဒနယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက် ရာတွင် လွှတ်တော်ကထုတ် ပေးသောစရိတ်သည် လုံလောက်ခြင်းမရှိ ဟု ဆိုသည်

ထို့အပြင် ပထမအကြိမ်အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို သွားရောက်လုပ် ကိုင်ရာတွင် ငွေကြေး အခက်အခဲရှိသည့် အတွက်ကြောင့် ဒုတိယအကြိမ် ရွေးကောက်ပွဲ ၀င်ရောက်ခြင်းမရှိတော့လျှင် အရည်အချင်းမပြည့်မီသော အမတ်တို့ လွှတ်တော်တွင်း ရောက်ရှိလာပါက လွှတ်တော်၏ ဆောင်ရွက်ချက်များပါ အရည်အသွေးကျနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်ဟောင်းများ၊ ၀န်ကြီး၊ ဒု-၀န်ကြီးများ၊ ဥပဒေပညာရှင် များ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ပုဂ်္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် လွှတ်တော်တွင် တက်ရောက်လျက်ရှိသော်လည်း စရိတ်နှင့် ချီးမြှင့်ငွေ သည် လုံလောက်ခြင်းမရှိဘဲ ဥပဒေပြုရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုယ်စားလှယ်တစ်ဦး တစ်လလျှင် ကျပ်သုံး သိန်းနှင့်လွှတ်တော်တစ်ရက် တက်လျှင် တစ်သောင်းကျပ် ဖြင့် ထုတ်ပေးပြီး လွှတ်တော် ဥက္ကဋ္ဌသည် တစ်ကျပ် ၃၅ သိန်း၊ ဒု-၀န်ကြီး တစ်လကျပ်သိန်း ၃၀၊ ၀န်ကြီး တစ်လလျှင် ၄၅သိန်း၊ ဒု-သမ္မတသည် တစ်လလျှင်ကျပ်သိန်း ၄၀ နှင့် နိုင်ငံတော် သမ္မတသည် တစ်လလျှင် ကျပ် သိန်း ၅၀ဖြင့် လစာရရှိနေကြသည်။

သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်သည် နိုင်ငံတော်အဆင့်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ချီးမြှင့်ငွေမှာမူ လွန်စွာနည်းပါးနေသည်။

ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်ခြင်း အပေါ် ဦးဇုန်လှယ်ထန်း တစ်ဦးတည်းက ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

No comments: