Saturday, November 22, 2014

ကုန်သွယ်မှု လိုငွေများနေခြင်းကို အစိုးရ ဖြေရှင်းရန် စီစဉ်နေ

ထင်လင်းအောင်

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေမှုနှင့် ဒေါ်လာဈေးမြင့်တက်မှု ရေရှည်အကျိုးဆက်များကို ဖြေရှင်းသွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်မှုဖြင့် အဖြေရှာဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိသည်ဟု စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေခြင်း ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဖြေရှင်းမှုများကို ညှိနှိုင်းဆွေးနွေးဆောင်ရွက် နိုင်ရန် နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)တွင် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည့်အပေါ် မဇ္ဈိမက မေးမြန်းရာ တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ကုန်သွယ်မှု နှင့် သက်ဆိုင်သည့်ဌာနများအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒု-ဥက္ကဋ္ဌတစ်ဦးလည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က “အဲဒီ အစည်းအဝေးက ကုန်သွယ်မှုလိုငွေ ပြနေတာနဲ့ ဒေါ်လာဈေးမြင့်တက်နေတဲ့အပိုင်း နှစ်ပိုင်းကို အဖြေရှာပြီး ဖြေရှင်းဖို့ ၀န်ကြီးကလုပ်တာပါ။ လတ်တလော အကြမ်းဆွေးနွေးမှုအရ အပတ်စဉ် ဖြစ်ပေါ်မှုအပေါ်မှာ အစည်းအဝေးတွေလုပ်ပြီး ဖြေရှင်းသွားဖို့ပဲ အဖြေထွက်သေးတယ်။ ၀န်ကြီးကလည်း ဘာလုပ်မယ်ဆိုတဲ့ အသေးစိတ်အချက်ကို ညွှန်ကြားလာတာတော့ မရှိသေးဘူး” ဟု ပြောသည်။

အစည်းအဝေးတွင် ကုန်သွယ်မှုလိုငွေ ပြနေခြင်းကို ဖြေရှင်းရန် သွင်းကုန်တင်သွင်းမှုများနေသည့် ကုန် ပစ္စည်းအမယ်များကို စိစစ်ခြင်းနှင့် ပို့ကုန်ပိုင်းတွင် လက်ရှိအနေ အထားထက် ထပ်မံတိုးမြှင့်သွားနိုင်မည့် ပို့ကုန်အမယ်များကို ရှာဖွေကာဖြေရှင်းရန် အကြမ်းဖျင်းဆွေးနွေးမှု ရှိခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ကန်ဒေါ်လာဈေးနှုန်း မြင့်တက်မှုသည် ကုန်သွယ်မှုလိုငွေပြမှုနှင့် ဆက်စပ်မှုရှိနေပါက ဖြေရှင်း နိုင်ရန်လည်း ဆွေးနွေးခဲ့သည်ဟု ဒု-ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ကုန်သွယ်မှုလိုငွေပြနေတာက သွင်းကုန်များနေ တာဖြစ်တဲ့အတွက် လတ်တလော ဖြေရှင်းနိုင်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကုန်သွယ်မှု မျှခြေဖြစ်လာအောင် လုပ်သွားရမှာဖြစ်ပါတယ်။ ရေရှည်အတွက်တော့ လုပ်သွားရမှာပါ” ဟု အောက်တိုဘာ လဆန်းပိုင်းက ပြု လုပ်သော Mazda ကားအရောင်းစင်တာပြခန်းဖွင့်ပွဲတွင် မီဒီယာများကို ပြောထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်ကာ ကုန်သွယ်မှုပမာဏ မြင့်တက်လာသော်လည်း သွင်းကုန်တင် သွင်းမှုများနေသဖြင့် ကုန်သွယ်မှုလိုငွေပြမှုမှာလည်း မြင့်တက်လျက်ရှိသည်။ ယခု ၂၀၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိလာပြီး ပို့ကုန်တန်ဖိုး သည် ကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံကျော်သာရှိနေပြီး လိုငွေပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၂၆၅ဘီလီ ယံ ကျော်ရှိနေသည်ဟု စီးပွား/ကူးသန်းဌာန ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်ရေးလိုငွေ ပြသမှုများပြားလာပါက ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်း၊ စားသုံး သူဈေးနှုန်းများပြားလာခြင်း၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်း၊ နိုင်ငံစီးပွားရေး မတည်မငြိမ်ဖြစ်ခြင်း စသည်များ ဖြစ်ပေါ်လာနိုင်သည်။

ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ အစိုးရအသုံး စရိတ်ဖြစ်သော ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်သူများထံမှ အခွန်ကောက်ခံရရှိသည့် ပမာဏနှင့် ကုန်သွယ်မှုများမှရရှိသည့် အခွန်ပမာဏများကို ထည့်သွင်းဆောင်ရွက် ရခြင်းဖြစ်သည်။ ထုတ်ကုန်အားနည်းသဖြင့် ကုန်သွယ်မှုလိုငွေပြမှုများကာ တိုင်းပြည်ဝင်ငွေနည်းလာပါက အစိုးရအသုံးစရိတ်ဖြစ်သော ဘတ်ဂျက်ရေးဆွဲမှုအထိ သက်ရောက်မှုရှိ နိုင်ပြီးဆက်စပ်မှုဖြစ်သော ပြည်သူ များထံ အခွန်ကောက်ခံမှု တိုးမြှင့်ခြင်း၊ ပြည်ပချေး ငွေရယူခြင်းနှင့် နိုင်ငံတော်အရန်ငွေမှ ဖြည့်တင်းခြင်းတစ်နည်းနည်းဖြင့် ဆောင်ရွက်ရလေ့ရှိသည်ဟု နိုင်ငံတော်သမ္မတအကြံပေးများက မီဒီယာများကို မကြာခဏ ပြောသည်။

နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက်က “လက်ရှိဖြစ်နေတဲ့ ကုန်သွယ်မှုလိုငွေပြမှုက စိုးရိမ်ရမယ့်အခြေ အနေတစ်ခုကိုတော့ မရောက်သေးပါဘူး။ ကုန်သွယ်ရေးလိုငွေပြမှုက နှစ်အလိုက်များလာရင် ဒါကိုကာဗာဖြစ်အောင် တစ်နည်းနည်းနဲ့ ဖြေရှင်းရတာပေါ့။ အဲဒါကြောင့် ကုန်သွယ်မှု မျှခြေဖြစ် အောင်လုပ်ရမယ်လို့ ပြောကြတာပါ”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိကုန်သွယ်မှု အခြေအနေ၌ ရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်းတင်သွင်းမှုနှင့် ကုန်ထုတ်လုပ်မှု ကုန်ကြမ်းတင်သွင်းမှုသည် အများဆုံးဖြစ်နေကာ လူသုံးကုန်တင်သွင်းမှုမှာ နိုဝင်ဘာ ၁၄ ရက်အထိ ၂ ဒသမ ၄ ဘီလီယံ သာရှိသည်ဟု ကုန်သွယ်မှု စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်အမယ်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ တင်ပို့မှုများသာ ပမာဏအများဆုံး ဖြစ်နေပြီး ပဲမျိုးစုံ၊ ဆန်ကဲ့သို့ လယ်ယာထွက် ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းဖြစ်သည့် အခြေခံကုန်ပစ္စည်းများ၏ တင်ပို့မှုများမှာ ကျဆင်းလျက်ရှိသည်။

No comments: