Saturday, November 1, 2014

အိုဘားမားက သမ္မတနဲ့ ဒေါ်စုဆီကို ဖုန်းဆက်

ABC

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​မြန်မာ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ကို ​သီးသန့်စီ ​ဖုန်းနဲ့ ​ဆက်သွယ် ​စကားပြောခဲ့ပါတယ်။

ဒီကနေ့မှာ ​ပြုလုပ်မယ့် ​မြန်မာနိုင်ငံရဲ့ ​အဓိက ​ထိပ်သီးပုဂ္ဂိုလ်တွေ ​ပါဝင်တဲ့ ​လေးပွင့်ဆိုင် ​အစည်းအဝေးကြီး ​မစတင်ခင်မှာ ​အမေရိကန် ​သမ္မတက ​ဖုန်းခေါ်ဆိုတာနဲ့ ​တိုက်ဆိုင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​လေးပွင့်ဆိုင် ​ဆွေးနွေးမှု ​ပြုလုပ်ပေးဖို့ ​နှစ်ချီကြာ ​တောက်လျှောက်တောင်းဆိုလာခဲ့ရာက ​သမ္မတက ​ပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

ဒီကနေ့ ​ပြုလုပ်မယ့် ​ဆွေးနွေးပွဲမှာ ​လွှတ်တော် ​အကြီးအကဲ၊ ​နိုင်ငံရေးအကြီးအကဲ၊ ​တိုင်းရင်းသားအပြင် ​အတိုက်အခံ ​အကြီးအကဲနဲ့ ​စစ်တပ် ​အကြီးအကဲတို့ ​ပါဝင်ကြမှာ ​ဖြစ်ပါတယ်။

အမေရိကန် ​သမ္မတက ​မနေ့တုန်းက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​သမ္မတ ​ဦးသိန်းစိန်ကို ​ဖုန်းဆက်တယ်လို့သာ ​အိမ်ဖြူတော်က ​ထုတ်ပြန်ထားပြီး ​ဘယ်လို ​အကြောင်းအရာတွေ ​ပြောဆိုခဲ့ကြပြီး ​ဘာကြောင့် ​ခေါ်ဆိုခဲ့သလဲ ​ဆိုတာ ​ဖော်ပြခြင်း ​မရှိပါဘူး။

ဒါပေမဲ့ ​အမေရိကန် ​သမ္မတ ​အိုဘားမားဟာ ​နိုဝင်ဘာလ ​လယ်လောက်ကျရင် ​မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​အာဆီယံ ​ထိပ်သီးညီလာခံနဲ့ ​ဒေသတွင်းနိုင်ငံတို့ရဲ့ ​အစည်းအဝေးကို ​တက်ရောက်ဖို့ ​ရှိပါတယ်။

တချို့လူတွေကလည်း ​သမ္မတ ​အိုဘားမား ​မလာခင်မှာ ​မျက်နှာကောင်းရအောင် ​အစိုးရက ​အခုလို ​ဒေါ်အောင်ဆန်းစုကြည် ​တောင်းဆိုထားတဲ့ ​လေးပွင့်ဆိုင် ​ဆွေးနွေးမှုကို ​ပြုလုပ်ပေးတာလို့ ​ပြောဆိုကြပြီး ​ထူးခြားတဲ့ ​ရလဒ်တွေ ​ထွက်လာမှာ ​မဟုတ်ဘူးလို့ ​ပြောကြကြောင်း ​ရိုက်တာ ​သတင်းမှာ ​ပါရှိပါတယ်။

No comments: