Saturday, November 1, 2014

Opera Mini Browser အသုံးပြုနိုင်ရေး တယ်လီနောနှင့် ပူးပေါင်း

စ, ချိုကို

နော်ဝေနိုင်ငံအခြေစိုက် ဆော့်ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုဖြစ်သော Opera က ၎င်းတို့၏ Opera Mini Browser ကို အသုံးပြုရေးအတွက် တယ်လီနောနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။

Opera ၏ အမှုဆောင်အရာရှိချုပ် Lars Boilesen က “Opera Browser မှာ အင်တာနက်ကို လွယ်လွယ်ကူကူ အသုံးပြုဖို့ ပြုလုပ်ထား ပါတယ်။ဒါ့ကြောင့် ဒီပူးပေါင်းမှုမှာ အရည်အသွေးမြင့် မိုဘိုင်းအင်တာနက်အသုံးပြုမှု အတွေ့အကြုံကို ရရှိစေမှာပါ” ဟု ဆိုသည်။

Opera Mini Browser ကို မိုဘိုင်းဖုန်း application အဖြစ်လည်း ထုတ်လုပ်ထားပြီး တယ်လီနောနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် တယ်လီနော ဖုန်းများတွင် ယင်း Browser ကို အသုံးပြုခြင်းဖြင့် ပြည်တွင်း နှင့် သက်ဆိုင်သော သတင်းစာမျက်နှာအချို့၊ Wikipedia နှင့် Facebook Zero ( အခမဲ့အသုံး ပြုနိုင်သော Facebook ) တို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် Opera Browser သည် မိမိအသုံးပြုသည့် အင်တာနက် စာမျက်နှာ၏ ဒေတာပမာဏ ဖိုင်ဆိုဒ်ကို ၉၀ % အထိ ချုံ့ပေးထားသည်ဟု ဆိုသည်။

Opera Browser တွင် မြန်မာဘာသာ စကားများကိုလည်း ထောက်ပံ့ပေးထားနိုင်မည်ဟု တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ဆိုသည်။ ထို့ပြင် Opera Mini ကို Android ၊ Java Me ၊ IOS ၊ Symbian OS ၊ Window Mobile ဖုန်းအားလုံးတွင်အသုံးပြုနိုင်ပြီး m.opera.com နှင့် m.telenor.com.mm တို့တွင် ဒေါင်းလုဒ်ဆွဲကာ ရယူနိုင်မည်ဖြစ်သည်။

Opera မှ မစ္စတာ ပီတာက “ တယ်လီနောရဲ့ Base Station တွေမှာ Opera Browser ကို အသုံးပြုပြီး စမ်းသပ်မှု ပြုလုပ်ထား ပါတယ်။အခြားစာမျက်နှာကနေ ဒေါင်းလုတ်ဆွဲတဲ့အခါ ၃၆ စက္ကန့်လောက် ကြာတဲ့ ဖိုင်ကို Opera နဲ့ အသုံးပြုတဲ့ အခါ ၁၆ စက္ကန့်ပဲ ကြာမြင့်ပါတယ်။ Opera Browser နဲ့ 500MB အထိ ကုန်ကျတဲ့ ဖိုင်ကို အခြား Browser နဲ့ သုံးတာ လေးဆလောက်ပိုမို ကုန်ကျပါတယ် ” ဟု ဆိုသွားသည်။

နော်ဝေနိုင်ငံ စတော့အိတ်ချိန်းတွင် ရုံးအခြေစိုက်သော Opera Software ကုမ္ပဏီကို ၁၉၉၅ ခုနှစ်က တတင် တည်ထောင်ခဲ့ပြီး Opera Mini Browser ကို ၂၀၀၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး လစဉ်အသုံးပြုသူ သန်း ၂၅၀ ခန့် ရှိနေသည်ဟု ကုမ္ပဏီ၏ သတင်းအချက်အလက်အရ သိရသည်။

No comments: