Thursday, November 20, 2014

သံဖြူဇရပ်ရာဘာခြံရှင်များ ဓါတ်ငွေ့ပိုက်လိုင်းလမ်းအူကြောင်းလျှော်ကြေး ညှိနှိုင်းမရသေး

မင်းထူးသစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ဝါခရူကျေးရွာအုပ်စုနှင့်ခြံတစ်ရာ ကိုဖြတ်သန်းမည့် ဓါတ်ငွေ့ပိုက်လိုင်းလမ်းအူကြောင်း သီးနှံလျှော်ကြေးငွေအတွက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ဒေသခံရာဘာခြံရှင်များ ညှိနှိုင်းမှုအဆင်မပြေဟု သိရသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်လမြိုင်ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်း ကြီးကြပ်ရေး အင်ဂျင်နီယာ ဦးဌေးလွင် နှင့် ဓါတ်ငွေ့ပိုက်လိုင်း လမ်းအူကြောင်းကြောင့် ထိခိုက်နစ်နာခဲ့သည့် ရော်ဘာခြံရှင်(၂၀) ကျော်တို့ သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ရာဘာခြံရှင်ဘက်မှ နစ်နာသူ ကိုမျိုးအောင်က “ခြံရှင်တွေကို အသိမပေးဘဲနဲ့ သူတို့သဘောနဲ့ သူတို့ အပင်ခုတ်လှဲသွားတာ၊ အဲဒါကို မကျေနပ်ကြဘူး၊ လျှော်ကြေးငွေတွေလဲမျှမျှတတဖြစ်စေခြင်တယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ဒေသခံရာဘာခြံပိုင်ရှင်များအနေဖြင့် တစ်ပင်လျှင် (၇၀၀၀၀)ကျပ် လျှော်ကြေးကိုလက်မခံနိုင်ပါကြောင်း၊ ကာလပေါက်ဈေးအရ ဆုံးရှုံးနစ်နာခဲ့သည့်ရာဘာပင် တစ်ပင်အတွက် ကျပ်ငွေ ၂ သိန်း လျှော်ကြေးငွေရလိုကြောင်း ရာဘာခြံရှင်တစ်ဦးဖြစ်သူ ဒေါ်ဖွားအေးက ဆိုသည်။

အကယ်၍ တောင်းဆိုသည့်အတိုင်း နစ်နာကြေးမရရှိပါက ခြံအတွင်းသို့ ဓါတ်ငွေပိုက်လိုင်း ချခွင့်ပြုမည်မဟုတ်ကြောင်း သူမက ပြောသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အင်ဂျင်နီယာ ဦးဌေးလွင်က “ကျနော်တို့ တတ်နိုင်တာကို အဆင်ပြေကြီး ဖြစ်အောင် အထက်လူကြီးကိုတင်ပြပြီး အကောင်းဆုံးလုပ်ဆောင်ပေးမယ်” ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် နိုင်သိန်းအောင်က လျှော်ကြေးငွေဆိုသည်မှာ လက်ရှိကာလပေါက်ဈေးကို ဆိုလိုကြောင်း၊ နှစ်နာကြေးဆိုသည်မှာ သက်တမ်းအလိုက် တွက်ချက်ပြီး ပေလျှော်ခြင်းဖြစ်ကြောင်း အဆိုပါညှိနှိုင်းပွဲသို့ အကြံပြုပြောဆိုခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း MYANMAR OIL AND GAS ENTERPRISE က ရေဖြူမြို့နယ်၊ ကံပေါက်မှ ကရင်ပြည်နယ်၊ မြိုင်ကလေးအထိ ဓါတ်ငွေပိုက်လိုင်းနေရာအချို့အား ပြင်ဆင်သွယ်တန်းမည်ဖြစ်ရာ ကရင်ပြည်နယ်၂၂ မိုင်၊ မော်လမြိုင် ၄ မိုင်၊ သံဖြူဇရပ်မြို့နယ် ရ မိုင်၊ ရေးမြို့နယ် ၂ မိုင် ပါဝင်ကြောင်း MOGE မှ သိရသည်။

No comments: