Monday, December 8, 2014

ပထမအကြိမ် အာဆီယံ စားသုံးသူ ကာကွယ်ရေးညီလာခံ မြန်မာတက်မည်

Mizzima


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ဒီဇင်ဘာ ၈ ရက်မှ ၉ ရက်အထိ ပြုလုပ်မည့် ပထမအကြိမ် အာဆီယံ စားသုံးသူ ကာကွယ်ရေး ညီလာခံကို မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ယင်းဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းညီလာခံတွင် အာဆီယံနိုင်ငံများ၏ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးသွား မည်ဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒေသတွင်း စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၏ စိန်ခေါ်မှုများ၊ အကျိုးကျေးဇူး များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်း အမြင်ချင်း ဖလှယ်ကြရန် စီစဉ်ထားသည်။

ထို့ပြင် ငွေကြေးလုပ်ငန်းများ၊ စားသုံးသူ ထုတ်ကုန်လုံခြုံစိတ်ချရမှု၊ E-Commerce နှင့် စားသုံးသူအရေး ဆောင်ရွက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စသည့်နယ်ပယ်အရေး ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေး သွားမည်ဟု ဆိုသည်။

စားသုံးသူများအတွက် ရွေ့လျားနေသော ငွေကြေးဈေးကွက် ပတ်ဝန်းကျင်နှင့် လျင်မြန်စွာပြောင်းလဲနေသော နည်းပညာများကြောင့် စွန့်စားမှုများနှင့် ရင်ဆိုင်နေပြီး စားသုံးသူထုတ်ကုန် လုံခြုံစိတ်ချရမှုသည် အဓိကကျ နေသည့် အရေးကိစ္စဖြစ်နေရာ အာဆီယံနိုင်ငံများက စုစည်းအဖြေရှာသွားကြရန်ဖြစ်သည်။

အာဆီယံဒေသအတွင်း အွန်လိုင်းစားသုံးသူဈေးကွက်လည်း အလျင်အမြန် ဖြစ်ထွန်းနေရာ အကျိုးစီးပွားရှိ သကဲ့သို့ စည်းမျဉ်းစည်းကမ်းများနှင့် စားသုံးသူအကျိုးစီးပွား ထိခိုက်ပျက်စီးမှုများအတွက်လည်း ထိရောက် သော အရေးယူဆောင်ရွက်မှုများလည်း လိုအပ်လျက်ရှိသည်။

ညီလာခံတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ပညာရှင်များနှင့် သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေး လုပ်ငန်းရှင်များအကြား ကွန်ရက်သဖွယ် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး အကောင်းဆုံး အလေ့အထနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ညီလာခံကို ကျင်းပခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများသည် အာဆီယံစီးပွားရေးအသိုက်အ၀န်း တည်ထောင်မှုအတွက် ပြင်ဆင်နေရာ နောက်ဆုံးအဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒေသတွင်း စားသုံးသူကာကွယ်ရေးကိစ္စများကိုလည်း ပိုမိုအလေးထား ဆောင်ရွက်လာကြခြင်းဖြစ်သည်။

ယင်းညီလာခံကို အာဆီယံ စားသုံးသူ ကာကွယ်ရေးကော်မတီက စီစဉ်ကျင်းပခြင်း ဖြစ်ပြီး အိမ်ရှင်နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံမှ လက်ခံကျင်းပပေးခဲ့ခြင်းဖြစ်ရာ အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များတက် ရောက်မည်ဖြစ်သည်။

No comments: