ABC
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာလ ၂ ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား သုံးဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဖမ်းဆီးထားပါတယ်။
Rohingya Solidarity Organization RSO အဖွဲ့ဝင် ရိုဟင်ဂျာ သုံးဦးကို ဖမ်းဆီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီ ရိုဟင်ဂျာတွေကို ဖမ်းဆီးစဉ်အတွင်း ဗုံးတွေနဲ့ တခြားဖောက်ခွဲရေး ပစ္စည်းတွေကိုပါ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီလူတွေကိုလည်း အိန္ဒိယ ထောက်လှမ်းရေးနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီ RSO အဖွဲ့ဝင် ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှု လုပ်ငန်းတွေ လှုပ်ရှားနိုင်အောင် madarasa မှာ ဗန်းပြပြီး စာသင်ကြားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ RSO အဖွဲ့အပြင် Arakan Rohingya Union ARU နဲ့ Global Rohingya Center GRC အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Burdwan မှာ အောက်တိုဘာလ ၂ ရက်နေ့တုန်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲမှု ဖြစ်တဲ့နေရာကို ရဲတွေက သွားရောက်ကြည့်ရှုတဲ့အခါမှာ အိမ်တွင်းမှာ နေထိုင်သူတွေက ရဲကို ဝင်ခွင့်မပေးပဲ သေနတ်တွေနဲ့ ထောက်ပြီး တစ်အိမ်လုံးကို ဖောက်ခွဲပစ်မယ်လို့ ရဲတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရဲတွေက တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးလာတာဖြစ်ပြီး အခုအခါမှာ RSO အဖွဲ့ဝင် ရိုဟင်ဂျာ သုံးဦးကို ဖမ်းဆီးတာလို့ Times of India သတင်းမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအပြင် မြန်မာနိုင်ငံအစိုးရနဲ့ ရခိုင်တွေကပါ RSO ရိုဟင်ဂျာ အဖွဲ့ရဲ့ ရန်ကို ကြောက်ရွံ့နေကြပေမယ့် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေကတော့ RSO အဖွဲ့အနေနဲ့ လှုပ်ရှားမှု မရှိတော့ဘူးလို့ ပြောပါတယ်။
မြန်မာအစိုးရက RSO အကြမ်းဖက် အဖွဲ့ကို အကြောင်းပြုပြီးတော့ ရိုဟင်ဂျာတွေကို နှိပ်စက်အနိုင်ကျင့်မှုတွေ ပိုမို ပြုလုပ်နေကြတယ်လို့လည်း ပြောဆိုနေကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
Rohingya Solidarity Organization RSO အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စခန်းတစ်ခု ဖွင့်လှစ်ခဲ့တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အခုအခါမှာ လှုပ်ရှားမှု မရှိတော့ဘူးလို့လည်း မြန်မာ့အရေးလေ့လာသူတွေက ရိုက်တာ သတင်းကို ပြောပါတယ်။

No comments:
Post a Comment