Thursday, December 11, 2014

မြို့ကြီးများရှိ ကျူးကျော်များကို မြေနေရာချပေးနိုင်ရန် မူဝါဒများ စတင်ရေးဆွဲထားပြီးဟု ဝန်ကြီးပြော

မောသင်တုန်း

တိုင်းနှင့်ပြည်နယ်များရှိ မြို့ကြီးများပေါ်တွင် ကျူးကျော်နေထိုင်သော မိသားစုများကို မြေနေရာများ ချထားပေးနိုင်ရန် မူဝါဒများ စတင်ရေးဆွဲ ဆောင်ရွက်နေပြီဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက မဇ္ဈိမကို ပြောသည်။

“ဒုတိယအဆင့်ကတော့ မြေလွတ်မြေရိုင်းတွေမှာ မြေနေရာချပေးဖို့ပေါ့။ ကွဲပြားနေတဲ့ အိမ်ထောင်စုတွေပေါ့။ ဟိုနေရာတစ်စု ဒီနေရာ တစ်စုဖြစ်နေတာကို တစ်ခါတည်းစုပြီး ချပေးမှာပေါ့။ တတိယအဆင့်ကတော့ မြို့ပြတွေမှာရှိတဲ့ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု တွေ အတွက်ပေါ့ မူဝါဒရေးနေပြီ။ အဲဒါစလုပ်နေပါပြီ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

ပထမအဆင့်ဖြစ်သည့် ပြည်ထဲရေး အမည်ပေါက် အိမ်ခြေငါးဆယ်အောက်ရှိ ကျေးရွာများကို သစ်တော ကြိုးဝိုင်းပိုင်မြေများမှစွန့်လွှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူပေါင်းပြီးကျေးရွာများအဖြစ် စုစုပေါင်း ကျေး ရွာနှစ်ထောင်ကျော် ဆောင်ရွက်ပေးပြီးဖြစ်သည်ဟုဆိုသည်။

ယနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် ပြုလုပ်သော အမျိုးသား မြေအရင်းအမြစ် အသုံးချမှု စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မဇ်္ဈိမ ကိုအထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ယခုအခါတွင် ဒုတိယအဆင့်အဖြစ် သစ်တောကြိုးဝိုင်းများတွင် ပြန့်ကျဲနေထိုင်လျက်ရှိသည့် မိသားစုများကို စုပေါင်းကာ အိမ်ခြေ ငါးဆယ်အထက် ကျေးရွာများအဖြစ် မြေလွတ်မြေရိုင်းများတွင် မြေနေရာချထားပေးနိုင်ရန် ဆောင်ရွက်နိုင်ရန်စီစဉ် လျက်ရှိသည်ဟုဆိုသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ လုပ်ဆောင်နေတယ်။ ဒီအဆင့်ကလည်း တော်တော်ကျယ်ပြန့်တယ်။ စာ ရွက်ကလေး တစ်ရွက်ပေါ်ကနေ သစ်တောကြိုးဝိုင်း မြေကလေးစွန့်လွှတ်လိုက်တာလွယ်တယ်။ တခြား ခက်ခဲတာတွေရှိတယ်။ ဒီအဆင့်အောင်မှာ မြို့ပေါ်အဆင့်ကို သွားနိုင်မယ်။ ကျေးရွာက စလုပ်ရတာပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။

အဆိုပါ စီမံကိန်းများကို မည်သည့်အချိန်အတွင်း အပြီးဆောင်ရွက်ပေးနိုင်မည်လဲဟု မေးမြန်းရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ခန့်မှန်းပြောဆိုနိုင်ရန် အခက်အခဲရှိသည် ဟု ဆိုသည်။ အမျိုးသား မြေအသုံးချမှု မူဝါဒမူ ကြမ်းရေးဆွဲခြင်းများကို မတ်လအတွင်း အပြီးဆောင်ရွက်မည်ဟု ဆိုသည်။

တချို့သော တိုင်းနှင့် ပြည်နယ်တချို့တွင် ကျူးကျော်နေထိုင်သူများကို စာရင်းများ ပြုစုထားခိုင်းပြီး မြေနေရာများလည်း ကြိုတင်ရှာဖွေမှု များ ပြုလုပ်ရန် သမ္မတရုံးမှ ညွှန်ကြားထားမှုများလည်း ရှိသည်ဟု သိရသည်။

သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် ၁၄ခု ၏ မြို့ကြီးများပေါ်တွင် မြေနေရာများ ချထားပေးနိုင်ရေးအတွက်ရည် ရွယ်ပြီး ရေးဆွဲဆောင်ရွက် ထားပြီး ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စီမံကိန်းများကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူပေါင်းဖွဲ့စည်း ကာဆောင်ရွက်ပေးမည်ဟု သိရသည်။

No comments: