Saturday, December 20, 2014

ရဲတပ်ဖွဲ့ဝင်များ ပြည်သူအပေါ် ဆက်ဆံရေးကောင်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မင်းမင်း

“ကူညီပါရစေ” ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် မြန်မာ့ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု အဆင်ပြေမှသာ တည်ငြိမ်အေးချမ်းမှုရှိသည့် လူ့အသိုင်းအဝန်း တစ်ခုဖြစ်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး ပြဿနာဖြစ်သည့်အခါ ရဲတပ်ဖွဲ့အပေါ် အားကိုးစိတ် ရှိမှသာလျှင် ပြည်သူများလုံခြုံမှုရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူနဲ့ရဲကြား အဆင်ပြေတဲ့ လူ့အသိုင်းအဝိုင်းမှာဆိုလို့ရှိရင် လုံခြုံမှုရှိပါတယ်။ လုံခြုံမှုရှိရင် အေးချမ်းမှုရှိတယ်။ တည်ငြိမ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေက ပြဿနာဖြစ်လို့ရှိရင် ရဲကိုအားကိုးနိုင်တယ် ဆိုတဲ့စိတ် ရှိလာကြတဲ့အခါကျတော့ အများကြီး တည်ငြိမ်လာမယ်။ အေးချမ်းလာမယ်” ဟု ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျလျက် ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့ကလည်း ဝေဖန်သုံးသပ်လျက်ရှိသည်။

ကော့မှူးမြို့နယ်မှ ရဲတပ်ဖွဲ့မှူးဖြစ်သည့် ရဲမှူး မျိုးမြင့်အောင်ကမူ “ပြည်သူလူထုနဲ့ဆက်ဆံရေးကို အရင်တုန်းက နဲ့မတူအောင် ကြိုးစားနေပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာ့နိုင်ငံရဲတပ်ဖွဲ့ ပြုပြုပြောင်းလဲရေးအတွက် စီမံချက်တစ်ရပ်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ)မှ သင်တန်းများပို့ချလျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်အတွက် ယူရို ၁၀သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) သုံးစွဲသွားမည်ဟု ယခုနှစ်ဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရေးကောင်းမွန်ရန်နှင့် ပြည်သူ့လိုအပ်ချက်ပံ့ပိုးပေး ရန်အတွက် “ရဲတပ်ဖွဲ့တွေမှာလည်း ရသင့်ရထိုက်တဲ့ လုပ်ပိုင်ခွင့်တွေအခွင့်အရေးတွေလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်ဒေသများတွင် လက်ရှိအချိန်ထိ ပြုပြုပြောင်းလဲခြင်း အလျဉ်းမရှိဘဲ ပြည်သူ များအပေါ် မောက်မာစွာ ဆက်ဆံမှုများနှင့် လာဘ်ပေးလာဘ် ယူမှုများ ရှိနေဆဲဖြစ်သည်ဟု ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ ဒေသခံ ဦးသန့်ဇော်ဦးက မဇ္ဈိမကို ပြောသည်။

“တချို့အမှုတွေမှာ တရားလို၊ တရားခံဘက်က ကျေအေးနေတာတောင် ရဲက လာဘ်ပေး၊ လာဘ်ယူ ကိစ္စတွေက ရှိနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

No comments: