Saturday, December 27, 2014

ရခိုင်လူထုဆန္ဒ မပါဘဲ ဆောင်ရွက်နေသည့် စီမံကိန်း ၁၂ ခု ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်မည်

ဇာဏီထွဏ်း

ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေသော ဖွံ့ဖြိုးရေးစီမံကိန်း ၁၂ ခုတွင် ရခိုင်လူထု သဘော ဆန္ဒမပါဝင်သဖြင့် ရပ်တန့်ပေးရန် ဒီဇင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ဆန္ဒထုတ်ေ ဖ်ာမည်ဖြစ်သည်ဟု ကျောက်ဖြူလူမှုကွန်ယက် ပူးပေါင်းဆောင်ရွက်ရေးမှူး ဦးထွန်းလွင်က ပြောသည်။

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း၊ ကုလားတန်မြစ်ကြောင်း စီမံကိန်း၊ တိုက်တေနီယမ် ထုတ်လုပ်မှု စီမံကိန်း၊ စိုင်းတင် ရေအားလျှပ်စစ်စီမံကိန်း၊ နေပူတောင် ကျောက်ထုတ်လုပ်ရေးစီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ပုဏ္ဍားကျွန်း စက်မှုဇုန်၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်း၊ သဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်းနှင့် မဒေးကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းများကို ရပ်တန့်ရန် တောင်းဆိုနေခြင်းဖြစ်သည်။

“ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားတွေကို ပွင့်ပွင့်လင်းလင်းချပြတာ မရှိခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းချပြဖို့၊ သယံဇာတခွဲဝေမှုတွေ ချပြဖို့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တယ်။ ဒါပေမယ့် သူ တို့ မချပြခဲ့ကြဘူး။ ဒါတွေ ရပ်တန့်တာ မတန့်တာ သူတို့အပိုင်းဖြစ်တယ်။ ဒါပေမဲ့ လုပ်ခဲ့တာတွေက တရား မမျှတဘူး၊ မမှန်ကန်ဘူးလို့ ယူဆတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်ဖို့ တင်ထားတာ ခွင့်ပြုချက်လည်း ရပြီးပြီ”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ညောင်ပင်ဈေး ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် ရခိုင်သယံဇာတ အရင်းအမြစ် အုပ်ချုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်လူထု ဆန္ဒမပါဝင်ဘဲ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး အမည်ခံ စီမံကိန်းများမှာ ရခိုင်ပြည်သူများ၏ လူမှုစီးပွားရေးအပေါ် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်း၊ ရခိုင်ပြည်နယ် ရေမြေ တောတောင် သဘာဝ ဂေဟစနစ်များ ထိခိုက်ပျက်စီးခြင်း၊ တပ်မတော်၊ ခရိုနီစီးပွားရေးလုပ်ငန်းရှင် နှင့် ကုမ္ပဏီများက ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒီဇင်ဘာလ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် မြို့ပြ၊ ကျေးလက်ဒေသများတွင် ပြည်မနှင့် တူညီသော ဈေးနှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်၊ ယင်းစီမံကိန်းများမှ ရရှိသော အကျိုးအမြတ်များကို ရခိုင်ပြည်နယ် အစိုးရက တိုက်ရိုက်စီမံခန့်ခွဲခွင့်နှင့် အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို ဒေသ ဖွံ့ဖြိုးရေးအတွက် အသုံးပြုခွင့်၊ စီမံကိန်းများက ရရှိမည့် အကျိုးအမြတ်များ၊ နားလည်မှု စာချွန်လွှာများကို ပြည်သူများအား ပွင့်လင်းစွာ ချပြရေး၊ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက် ဒီရေတောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ ပြုန်းတီးသွားသော သစ်တောများအား ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ ထိထိရောက် ရောက်ကာကွယ်ထိန်းသိမ်းပေးရေး စသည်တို့ကို တောင်းဆိုထားသည်။

No comments: