ဖြိုးဝေလင်း
ကြံခုတ်လုပ်ငန်း လုပ်ကိုင်မည့် ခရီးသည် ၃၉ ဦး လိုက်ပါလာသည့် ဖောကားတစ်စီးအရှိန်လွန် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၈ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်က သပိတ်ကျင်း မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သပိတ်ကျင်းမြို့မ ရဲစခန်းက ဒုရဲအုပ် သက်လင်းစိုးက မဇ္ဈိမကို ပြောသည်။
ဖြစ်ပွားပုံမှာ ရွှေဘိုမြို့နယ်အတွင်း နေထိုင်သည့် ယာဉ်မောင်း ခိုင်မင်းထွန်း မောင်းနှင်လာသည့ှ်ုအေဖောယာဉ်သည် (၇) မိုင် ဗန်းမော် ကားလမ်းအတိုင်း ဗန်းမော်ဘက်သို့ မောင်းနှင်လာစဉ် ကျောက်ကြီးကျေးရွာအနီး ကုန်းဆင်းအကွေ့တွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တိမ်းမှောက်မှုကြောင့် ဂွေးပင်ကုန်း ကျေးရွာတွင် နေထိုင်သည့် ကိုဇော်ဇော်အောင် (၂၆) နှစ်ပါ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်းလူ ၁၈ ဦး ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားခဲ့သည်။
ထို့အပြင် ရွှေဘိုမြို့၊ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် မဝါဝါဝင်း (၃၀) နှစ်ပါ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်းလူ ၁၈ ဦး ဒဏ်ရာရရှိခဲ့သဖြင့် သပိတ်ကျင်း ပြည်သူ့ဆေးရုံနှင့် အမှတ် (၂၀) တပ်မတော် စစ်ဆေးရုံတို့တွင် ကုသထားရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
“ဒဏ်ရာရတဲ့သူတွေ အကုန်လုံးကိုတော့ ကျွန်တော်တို့ မန္တလေးဆေးရုံကြီးကို ပို့လိုက်ပါပြီ။ ထပ်ပြီးသေ ဆုံးတဲ့သူတွေတော့ မရှိပါဘူး။ သူတို့ရဲ့ကျန်းမာရေး အခြေအနေလည်း ကျွန်တော်တို့ သတင်းမရသေးတဲ့အတွက် မသိသေးပါဘူး” ဟု ဒုရဲအုပ် သက်လင်းစိုးက ပြောသည်။
အဆိုပါဖောကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များမှာ ကသာမြို့နယ်အတွင်းမှ လော်ကဆင်း ကျေးရွာတွင် ကြံခုတ်မည့် ခရီးသည်များ ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
“ယာဉ်မောင်းကိုတော့ ကျွန်တော်တို့ မမိသေးပါဘူး။ နာမည်နဲ့နေတဲ့ နေရာပဲ သိရသေးတယ်။ အခု ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ” ဟု သပိတ်ကျင်း မြို့မရဲစခန်း က ဒုရဲအုပ် သက်လင်းစိုးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး ထွက်ပြေးတိမ်း ရှောင်သွားခဲ့သူ ယာဉ်မောင်း ခိုင်မင်းထွန်းကို သပိတ်ကျင်းမြို့မ ရဲစခန်းက ယာဉ် (ပ) ၆၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၃၀၄ ကဖြင့် အမှုဖွင့်စုံစမ်း လျက်ရှိသည်။
No comments:
Post a Comment