Monday, December 22, 2014

ရန်ကုန်လေဆိပ်၌ လေယာဉ်ဆီဆိုင်ရာ လုပ်ငန်းများ အကျိုးတူလုပ်ကိုင်ရန် စင်ကာပူကုမ္ပဏီကို ရွေးချယ်

Mizzima

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း အကျိုးတူ ဖက်စပ်အဖြစ် လုပ်ကိုင်ရန် စင်ကာပူအခြေစိုက် Puma Energy Group Pte. Ltd ကို ရွေးချယ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါ Puma ကုမ္ပဏီအပြင် ထိုင်းအခြေစိုက် PTT Public Co., Ltd. ကိုလည်း အရန်ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနသည် တင်ဒါအောင်မြင်သည့် Puma Energy Group Pte. Ltd နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရောင်း ချခြင်း လုပ်ငန်းကို အကျိုးတူ ဆောင်ရွက်ရေးအတွက် သဘောတူစာချုပ်ကို အမြန်ဆုံးညှိနှိုင်းချုပ်ဆိုသွားမည်ဟု ဆိုသည်။

ထိုကဲ့သို့ အကျိုးတူဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစိတ်ဝင်စားမှုလျှောက်ထားလွှာကို ၂၀၁၄ ခုနှစ် မေလတွင် စတင်ခေါ်ယူခဲ့ပြီး ဇွန်လ ၁၆ ရက်အထိ လျှောက်လွှာ များလက်ခံခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ ၂၃ ခုက လျှောက်လွှာတင်သွင်းခဲ့သည့်အနက် အရည်အချင်းကိုက်ညီသည့် ကုမ္ပဏီ ၁၃ ခု ရှိခဲ့ရာ ကုမ္ပဏီလေး ခုက လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပြုလာသော ထိုင်းနိုင်ငံအခြေစိုက် Bangkok Aviation Fuel Services Public Co., Ltd.၊ PTT Public Co., Ltd.. နှင့် စင်ကာပူ အခြေစိုက် Puma Energy Group Pte.Ltd၊ Singapore Petroleum Co., Ltd ကုမ္ပဏီတို့ကို သတ်မှတ်ထားသည့် စံချိန်စံနှုန်း အရည်အသွေးများနှင့် ၀န်ကြီးဌာနအဆင့် လုပ် ငန်းကော်မတီက စိစစ်ရွေးချယ်ခဲ့ပြီး ၀န်ကြီးဌာနအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ စိစစ်အတည်ပြု ချက်အရ တင်ဒါအောင်မြင်သူဖြစ်သည့် Puma ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် ကျန်လေဆိပ်များ၌လည်း လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းကို အကျိုးတူဖက်စပ် လုပ်ငန်းများအဖြစ် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ် သည်။

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံပိုင်စွမ်း အင်လုပ်ငန်းအဖွဲ့အစည်းများကို ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင် ရွက်ရန် အကောင်အထည်ဖော် လျက်ရှိပြီး နိုင်ငံပိုင် ရေနံချက် စက်ရုံများကိုလည်း ပုဂ္ဂလိကနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်ယူထားသည်။

Puma Energy သည် ကမ္ဘာ့အလတ်တန်းအဆင့် ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ဖြန့်ဖြူးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အာရှ၊ သြစတြေးလျ၊ လက်တင် အမေရိက၊ အာဖရိက၊ ဘောတစ်နှင့် အရှေ့ အလယ်ပိုင်းဒေသတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းများ ဆောင်ရွက်ရန် သီလ၀ါ ဆိပ်ကမ်း၌ ရေနံနှင့် ရေနံထွက်ပစ္စည်း အတင်အချဆိပ်ကမ်း တည်ဆောက်လျက် ရှိသည်။

No comments: