ကျော်စိုးမိုး
နိုင်ငံကျော် အဆိုတော် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းကို အလွဲသုံးစား ပြုလုပ်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် အမိန့်ချမှတ်လိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က မဇ္ဈိမကို ပြောသည်။
အဆိုတော် တစ်ဦး၏မိခင် ဒေါ်ဆွေဆွေအုန်းကို မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် အငြိမ်းစားသူနာပြု ဆရာမ ဒေါ်ခင်ခင်စိန်က အပ်နှံထားသည့် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ကျွန်းသစ်နှင့် ပါကေးတုံးများကို ၎င်း ထံပြန်မပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့သဖြင့် အရေးယူပေးပါရန်အတွက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၄၊ ဇန်န၀ါရီလဆန်းပိုင်းက အဆိုပါသစ်နှင့် ပါကေးတုံးများကို အသုံးလိုသဖြင့် ဒေါ်ခင်ခင်စိန်က သွားရောက်ပြန်ယူစဉ် တွင် ဒေါ်ဆွေဆွေအုန်းက ပစ္စည်းများကို ပြန်မပေးခဲ့သဖြင့် တိုင်တန်းခြင်း ဖြစ်သည်ဟု တရားလို ဒေါ်ခင်ခင်စိန်က ပြောသည်။
“ကျွန်မတို့ သူ့ဆီအပ်ထားတဲ့ ပစ္စည်းကို အသုံးလိုလို့ သွားပြန်ယူတဲ့အချိန်မှာ ဂိုဒေါင်မှာရှိတဲ့ သူ့အလုပ် သမားတွေက မရှိတော့ဘူး လို့ ပြောပါတယ်။ သူ့ဆီ ဖုန်းဆက်တော့လည်း မကိုင်ပါဘူး” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒေါ်ဆွေဆွေအုန်းကို ဒဂုံဆပ်ကမ်းမြို့မရဲစခန်းက(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၆ ဖြင့် ၂၀၁၄ ဇန်နဝါရီလက အမှုဖွင့်ခဲ့ပြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၆ ဖြင့် မတ်လ ၁၂ ရက်တွင် စတင် စစ်ဆေးခဲ့သည်။
ပြစ်မှုပုဒ်မ ၄၀၆ သည်အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်လည်း ပူးတွဲချမှတ်နိုင်ကာ ယခုတရားသူကြီး၏ ချမှတ်လိုက်သည့် ပြစ်ဒဏ်ကို မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း တရားလွှတ်တော် သို့ လျှောက်တင်သွားမည်ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၉ အရ တိုင်းဒေသကြီး တရားလွှတ်တော်နဲ့ ပြည်နယ်ကသာ ပြစ်ဒဏ် တိုးမြှင့်ချမှတ်နိုင်တဲ့ အာဏာရှိလို့ ခရိုင်ကိုမတင်ဘဲ တိုင်းလွှတ်တော်ကို လျှောက်တင်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
No comments:
Post a Comment