Wednesday, December 24, 2014

တောင်ဥက္ကလာ ပန်းခြံနေရာ ပြည်ခိုင်ဖြိုး ပါတီ အမည်ပေါက်ခြင်း ဥပဒေနှင့် မညိစွန်းဟုဆို

အေးမြင့်စန်း

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦအဖြစ် ဆောက်လုပ်မည် ဖြစ်ပြီး ယင်းမြေနေရာသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမည်ပေါက် ဂရန် ဖြစ်နေခြင်းသည် ဥပဒေနှင့် ညိစွန်းခြင်း မရှိဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

အဆိုပါ မြေနေရာသည် ပြည်ခိုင်ဖြိုးပါတီ၏ အမည်ပေါက် မြေဂရန် ဖြစ်ပြီး အဆောက်အအုံဆောက်လုပ်မည် ဖြစ်သည်။ ယင်းသို့ ပါတီ အမည်ပေါက် ဖြစ်နေခြင်းသည် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဟုဆိုကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားမည် ဖြစ်သည်။

သို့သော်လည်း ယင်းမြေနေရာသည် ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အမည်ပေါက်ဖြစ်ကာ နောက်ပိုင်းတွင် ပါတီ အမည်ပေါက် အဖြစ် ပြောင်းလဲခြင်း ဖြစ်သည့် အတွက် ဥပဒေနှင့် ညိစွန်းခြင်း မရှိဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆိုလိုက်သည်။

ဦးကိုကိုက "အခုကအသင်းအဖွဲ့ပိုင် မြေဆိုရင်တော့ ပါတီပိုင်မြေအဖြစ်ဂရန် အမည်ပေါက်ပြန်လုပ်ရင် ဥပဒေနဲ့တော့မငြိစွှန်းဘူး၊ နဂိုအသင်းအဖွဲ့ပိုင် မြေနေရာကို ပါတီဂရန်အမည်ပေါက် ပြန်လည်ရယူထားခြင်းဖြစ်တဲ့ အတွက် ပြဿနာမရှိဘူး" ဟုပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ၁၅ (ဈ)တွင် နိုင်ငံတော်ပိုင် အဆောက်အဦးကို ပါတီပိုင် အဆောက်အဦးအဖြစ်၎င်း၊ ပါတီ၏ အကျိုးစီးပွား အလို့ငှာ အသုံးမပြုရန် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပါတီ အမည်ပေါက် ဂရန်ဖြင့် ဖြစ်နေပြီး အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ လာမည့် ဇန်န၀ါရီလဆန်းပိုင်း လွှတ်တော်ပြန်စချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်တွေ့ဆုံကာ တင်ပြဆွေးနွေးမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကဆိုသည်။

၎င်းက "ဒီမြေက ပြည်ခိုင်ဖြိုးအသင်းအဖြစ်ရှိတုန်းက အသင်းမြေ အမည်ပေါက်တယ်လို့ တိုင်းအစိုးရ အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်က ပြန်ဖြေထားတဲ့ စာလဲရှိတယ်။ အခုလက်ရှိပန်းခြံရှေ့မှာ ပါတီဂရန် အမည်ပေါက်ဖြစ်ကြောင်း ဆိုင်းဘုတ်ထောင်ထားတဲ့ အချက်နှစ်ချက်ကို ကော်မရှင်ထံ တင်ပြမယ်။ နိုင်ငံရေး ပါတီတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိပါဘူး" ဟု ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးပေးရန် တိုင်ကြားခြင်းကို ကော်မရှင်က လက်မခံပါက တရားရုံးသို့ ဦးတိုက်လျှောက်ထားမည်ဟုလည်း ဦးဖုန်းမြင့်အောင်က ဆိုသည်။

လက်ရှိ ဆောက်လုပ်ရန် ပြင်ဆင်နေသည့် ပန်းခြံမြေနေရာတွင် အဆောက်အဦ ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အဦတွင် ပြည်ခိုင်ဖြိုး ပါတီ ရုံးခန်းနှင့် တိုက်ခန်းများ ပါဝင်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က ပြောသည်။

၎င်းက "အရင်တည်းက ဒီနေရာက ပြည်ခိုင်ဖြိုးပါတီ အသင်းအဖွဲ့ပိုင်မြေနေရာပါ။ ပါတီဖွဲ့ပြီးတော့ ပါတီပိုင်အဖြစ် တရားဝင်ဂရန် အမည်ပေါက်ထားတာပါ။ ပါတီပိုင်မြေဖြစ်လို့ ကျွန်တော်တို့ဘက်က သီးခြားဖြေရှင်းချက် ပေးဖို့မရှိပါဘူး" ပြောသည်။

တောင်ဥက္ကလာပ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ပန်းခြံ (အားကစားကွင်း)မြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းပိုင် မြေနေရာအဖြစ် ၁၉၉၆-၉၇ ခုနှစ်တွင် ဂရန်ရရှိခဲ့ပြီး ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပါတီပိုင်ဂရန် အမည်ပေါက် အဖြစ် ပြောင်းလဲခဲ့သည်ဟု ပါတီအတွင်းရေးမှူး ဦးသာဝင်းက ပြောထားသည်။

အဆိုပါ ပြည်သူပိုင် ပန်းခြံ (အားကစားကွင်း) နေရာတွင် အဆောက်အဦးဆောက်လုပ်ရန် ပြင်ဆင်နေခြင်းကို ရပ်တန့်ခြင်း မရှိပါက သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒဖော်ထုတ်သွားရန်ရှိသည်ဟု တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း)ကို အဆောက်အဦအဖြစ် ဆောက်လုပ်ရန် စီစဉ်နေသည့်အပေါ် ဒီဇင်ဘာ ၂၁ ရက်က ဆန္ဒဖော်ထုတ်ဟောပြောခဲ့သဖြင့် ပုဒ်မ၁၉ဖြင့် တရားစွဲ ခံထားရသည့် ဆန္ဒပြခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားဟောင်းဦးမျိုးခင် (ခေါ်) ဦးမုန်းခက်က ပြောသည်။

No comments: