သီဟကိုကို
အမြန်လမ်းမကြီး လမ်းနယ် ပေ ၄၀၀ အတွင်း ဈေးဆိုင်များ၊ အဆောက်အအုံများ ကျုးကျော် ဆောက်လုပ်ခြင်းကိုသတိပေးတားမြစ်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမြန်လမ်း ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အမြန်လမ်းမကြီး လမ်းနယ် ပေ ၄၀၀ အတွင်း ဈေးဆိုင်များ ကျုးကျော်တည်ဆောင်ခြင်းအပြင် ခြံစည်းရိုးခတ်သည့် ကိစ္စရပ်များအပေါ် သတိပေးအရေးယူ မှုများ ဆောင်ရွက်မည်ဖြစ်သည်။
မြို့နယ်ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ၊ နယ်မြေခံလမ်းရဲတပ်ဖွဲ့နှင့် လမ်းပိုင်းတာဝန်ခံ အင်ဂျင်နီယာများ ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးကျုးကျော်သူများကို သုံးကြိမ်အထိ သတိပေးသွားမည်ဖြစ်ပြီး တရားရင်ဆိုင်ပါက ကျရောက်နိုင်သည့် ပြစ်ဒဏ်များကို အကြောင်းကြားသွားမည် ဖြစ်သည်။
အမြန်လမ်းနယ် ပေ ၄၀၀ အတွင်း ကျုးကျော်ထားသည့် မြေနေရာများ၊ အဆောက်အအုံများကို မှတ်တမ်းရယူမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် များတွင် တရားစွဲဆိုရေး ကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အမြန်လမ်းတွင် မြေနေရာနှင့် အဆောက်အအုံများ ကျုးကျော်ထားခြင်းကို လမ်းမကြီးများ ဥပဒေပုဒ်မ (၇)(၈) အရ အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်သည်ဟု မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ်လျှောက်တွင် တိုးဂိတ်အကြီး ၅ ခု၊ တိုးဂိတ်အသေး ၁၁ ခုရှိပြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်း ၁၅ ခုရှိသည်။
ရန်ကုန်- မန္တလေးအမြန်လမ်းရှိ တိုးဂိတ်များတွင် ယာဉ်အသုံးပြုခ ကောက်ခံခြင်းကို အီလက်ထရောနစ်သုံး လမ်းအသုံးပြုခ ကောက်ခံရေး စနစ်ကို ပြောင်းလဲကျင့်သုံးရန် စီစဉ်ဆောင်ရွက်နေသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ အမြန်လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေသည့်ရန်ကုန်-မန္တလေး အမြန်လမ်းသည် ၃၆၅ မိုင်ရှိသည်။
No comments:
Post a Comment