Sunday, December 21, 2014

လျှပ်စစ်ရထား ကမ်းနားလမ်းတွင် စမ်းသပ်ပြေးဆွဲသွားမည်

ဇေယျာချမ်းအေး

မီးရထား ဝန်ကြီးဌာနက အကောင်အထည်ဖော် ပြင်ဆင်နေသည့် လျှပ်စစ်ရထား စီမံကိန်းကို ရန်ကုန်မြို့၊ ပုဇွန်တောင်နှင့် ထော်လီကွေ့ကြားရှိ ကမ်းနားလမ်းပိုင်းတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ဒီဇင်ဘာ ၁၈ ရက်ကအင်းစိန် ခုံးကျော်တံတား စီမံကိန်းပန္နက်တင် အခမ်းအနားတွင် မဇ်္ဈိမ၏ မေးမြန်းမှု ကိုပြန်လည် ဖြေကြားသည်။

လျှပ်စစ်ရထားစီမံကိန်းကို မြို့ပတ်လမ်းမှမစတင်ဘဲ ကမ်းနားလမ်းမှစတင်ရခြင်းမှာ ခုံးကျော်တံတား အနှောင့်အယှက်များကြောင့်ဖြစ်ပြီး ကမ်းနားလမ်းပိုင်းတွင်စမ်းသပ်ပြီးနောက်မှ တဖြည်းဖြည်းတိုးချဲ့သွား မည်ဟု ၎င်းက ရှင်းလင်းသည်။

“ စီမံကိန်းအချိန်အတိအကျပြောဖို့ တော့ခက်ပါဦးမယ်။ စနေပြီလို့တော့ပြောလို့ ရပါတယ်။ စပြီးလုပ်ဖြစ်မှာ က ကမ်းနားလမ်းက RBE ရထားနှစ်စင်းနေရာမှာ အဲဒီလျှပ်စစ်ရထားတွေအစောဆုံးစပြီး ၀င်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလမ်းမှာ အနှောင့်အယှက်ဖြစ် မယ့်တံတားတွေမရှိဘူး။ အဲဒီလမ်းပိုင်းမှာ လျှပ် စစ်ရထားကို ပထမဆုံးမိတ်ဆက်သွားမှာဖြစ်ပါတယ်” ဟု ဦးသန်းဌေးက ဆိုသည်။

ထိုသို့ ခုံးကျော်တံတားအမြင့်ပေအခက် အခဲကြောင့် အသစ်တည်ဆောက်မည့် အင်းစိန်ခုံးကျော်တံတားကို အမြင့် ၁၉ ပေ ၄ လက်မအထိ မြှင့်တင်တည်ဆောက်မည်ဖြစ်ပြီး မြို့ပတ်လမ်းတွင် လျှပ်စစ်ရထား ပြေးဆွဲ မည်ဆိုပါက မြို့ပတ်ရထားလမ်းတစ် လျှောက်ရှိ အမြင့်ပေမလုံလောက်သောခုံး ကျော်တံတားများကို ပြုပြင် တည်ဆောက်သွားရဖွယ်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

“အင်းစိန်တံတားအဟောင်းပြန်ပြင်ဖို့က နှစ်ပိုင်းရှိမယ်။ အရင်တံတားက ၁၅ ပေပဲရှိတယ်။ နောင်ဆိုရင် လက်ရှိ မြို့ပတ်ရထား လမ်းကြောင်းပေါ်မှာ လျှပ်စစ်ရထား လုပ်မယ်လို့လည်း ရည်ရွယ်ထားတာရှိတယ်။ အမြင့် ၁၅ ပေဆိုရင် အဲ့ဒီအပေါ်မှာ လျှပ်စစ်တိုင် ထောင်လို့မရဘူး။ ကားသွားဖို့ သက်သက်ဆိုရင်တော့ဖျက် ဖို့မလိုဘူး။

“လျှပ်စစ် ရထားစီမံကိန်း စပြီဆိုရင်တော့ ဖျက်ရမယ်။ ကင်းလွတ်တဲ့အမြင့် ပေရအောင်ပြန်လုပ်ရမယ်” ဟု ဝန်ကြီး ဦးသန်းဌေးက ပြောသည်။

ပုဇွန်တောင်နှင့် ထော်လီကွေ့ကြားရှိ ကမ်းနားလမ်းပိုင်းတွင် ဒီဇင်ဘာ ၇ ရက်မှ စတင်ကာ RBE လူစီးရထား နှစ်စီးစတင် ပြေးဆွဲခဲ့သည်။

No comments: