Saturday, December 13, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် အလွတ်သဘော အကြိုမဲဆန္ဒစာရင်း မိုဘိုင်းဖုန်းမှ တဆင့်ပေးနိုင်ရန် ဆောင်ရွက်မည်

မောင်မန်း

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အလွတ်သဘော အကြိုမဲဆန္ဒစာရင်းကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ပေးနိုင်ရန် ပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) အနေဖြင့် ဆောင်ရွက်သွားမည်ဟု အဖွဲ့၏ နည်းပညာ အရာရှိချုပ် ကိုစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။

ကိုစိုးသီဟနောင်က "နည်းပညာနဲ့ ပတ်သက်တဲ့အပိုင်းမှာတော့ မိုဘိုင်းဖုန်းကနေတဆင့် ကိုယ်စားလှယ်လောင်းတွေကို အလွတ်သဘော အကြိုမဲဆန္ဒပြုတာမျိုး လုပ်လို့ရအောင် လုပ်သွားပါမယ်။ ဖုန်းကနေ တစ်ဆင့် Vote ပေးတဲ့ ပုံစံပါ" ဟု ဆိုသည်။

ယင်းကဲ့သို့ မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် အကြိုမဲဆန္ဒပြုနိုင်သည့်အတွက် မဲဆွယ်စည်းရုံးမည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် လည်း ပြည်သူလူထု၏ စိတ်ဝင်စားမှုကို တိုင်းတာနိုင်မည်ဖြစ်သည်ဟု ကိုစိုးသီဟနောင်က ပြောသည်။

သို့သော် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကိုယ်စားလှယ်လောင်းများ မဲဆွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း မဟုတ်ဘဲ အချက်အလက် စစ်တမ်းများ ကောက်ယူနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုထားသည်။

၎င်းက "မဲဆွယ်တဲ့သူတွေအနေနဲ့ သူတို့ကို စိတ်ဝင်စားမှုကို တိုင်းတာလို့ရမယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့မဲဆွယ်ဖို့အတွက် ရည်ရွယ်ပြီး လုပ်တာတော့မဟုတ်ဘူး။ အဓိကက စစ်တမ်းအချက်အလက်အရပဲ သွားမှာပါ။" ဟု ပြောသည်။

အကြိုမဲဆန္ဒပြုသည့် အရေအတွက်များကို သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအနေဖြင့် ကောက်ခံခြင်း ဖြစ်သည်ဟု ကိုစိုးသီဟနောင်က ပြောသည်။

အလွတ်သဘော အကြိုမဲဆန္ဒပြုခြင်းကို မိုဘိုင်းဖုန်းမှ တစ်ဆင့် ပြုလုပ်နိုင်ရန် ဆောင်ရွက်ရာတွင် အခြေခံ အဆောက်အဦး လိုအပ်ချက် အခက်အခဲများရှိနေပြီး ယင်းအခက်အခဲများကို ပြေလည်အောင် ဆောင်ရွက်သွားမည်ဟု ကိုစိုးသီဟနောင်က ဆိုသည်။

ကိုစိုးသီဟနောင်က "သူ့နောက်မှာရှိတဲ့ Vote လုပ်တာကို ထိန်းနိုင်မယ့် အခြေခံအဆောက်အဦ ပိုင်းမှာတော့ ပြဿနာရှိတယ်။ ရေးတဲ့ နည်းပညာပိုင်းက ပြဿနာ မရှိဘူး။ ရေးနိုင်တယ်လုပ်နိုင်တယ်။ လူတွေအများကြီး ဝိုင်းသုံးရင် ဆာဗာ အကြီးကြီး လိုမှာတွေအတွက် ဘယ်ကရမှာလဲ ဆိုတဲ့ ပြဿနာရှိတယ်" ဟု ဆိုသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က လွတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအချက်အလက်များကို ရယူနိုင်မည့် Myanmar MPs မိုဘိုင်း App ကို ရေးဆွဲထုတ်လုပ်ထားပြီး ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းခဲ့သည့် အဆိုများ၊ ဆွေးနွေး ချက်များ၊ ဥပဒေကြမ်းများကို ဖော်ပြထားသည်။

No comments: