Monday, December 22, 2014

ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ဈေးသည်များ ဆန္ဒပြ

စည်သူမောင်မောင်

ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းချခွင့်ကို ဒေသအာဏာပိုင်တို့က ပိတ်ပင်လိုက်ခြင်းကြောင့် ဈေးသည် တစ်ရာကျော် က ချောင်းသာရှိ ဟိုတယ်များရှေ့နှင့် ကမ်းခြေသောင်ပြင်တို့တွင် နိုဝင်ဘာ ၁၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကမ်းခြေ ဈေးသည်တွေကို အတင်းခုံတွေ သိမ်းတယ်၊ဈေးသည်တွေကို ကျုးကျော်တယ်ဆိုပြီး တရားတွေစွဲတယ်။ ကမ်းခြေဆင်း လမ်းတွေကို ပိတ်တယ်။ စက်ဘီးဆင်းလို့ မရဘူး၊ အထမ်းသမား ဈေးသည်တွေ ဆင်းမရဘူး။ အခွန်တော့ မပေးရဘူး၊ ဈေးရောင်းချခွင့် ရရှိရေးနဲ့ အကြမ်းဖက်သိမ်းဆည်းမှုတွေ ရပ်တန်ဖို့အတွက် ဆန္ဒဖော်ထုတ်ရတာ” ဟု ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ ဈေးသည် ဦးမျိုးဦးက မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်သူများက ဗီနိုင်းများကိုင်ဆောင်ပြီး “ချောင်းသာကမ်းခြေ ဈေးရောင်းချခွင့်ရရှိရေး၊” “ကမ်းခြေဆင်းလမ်းများ ဖွင့်ပေးရေးနင့် အကြမ်းဖက် ပစ္စည်းသိမ်းမှုများ ရပ်ဆိုင်းရေး” စသည့်တို့ကို ကြွေးကြော်ခဲ့သည်။

ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကမ်းခြေတွင် စည်းကမ်းမဲဈေးရောင်းချခြင်း၊ စက်တပ်ယာဉ်မောင်းနှင်ခြင်းနှင့် မြင်းစီးခြင်းတို့ကို အရေးယူမည် ဟု နိုဝင်ဘာလကုန်ပိုင်းက ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်ပြီးနောက် ဒေသအာဏာပိုင်များက ဒီဇင်ဘာ၅ ရက်ကစပြီး ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်မှုအပေါ် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးကမူ ကမ်းခြေတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများနှင့် ဆိုင်ခန်းများ ဆက်လက်ဖျက်သိမ်းသွား မည်ဖြစ်ပြီး ဆိုင်ရှင် ၃၇ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုထားပြီး ဖြစ်သည်ဟု ဆိုသည်။

“ကမ်းခြေဒေသ စည်းကမ်းတကျနဲ့ သာယာလှပရေးအတွက်ရယ်၊ ခရီးသွားတွေ စိတ်ချမ်းသာစွာနဲ့ အပန်းဖြေနိုင်ရေးက ဒေသတည်တံ့ ခိုင်မြဲရေးဖြစ်လို့ ရှေ့ဆက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်” ဟု ချောင်သာကျေးရွာ၊ အုပ်ချုပ်ရေးမှူးက မီဒီယာများကို ပြောသည်။

No comments: