Monday, December 22, 2014

ကျူလာလောင်ကွန် ဗုဒ္ဓ တက္ကသိုလ်၌ ရဟန်းတော်များ အစာ အဆိပ်သင့်မှုဖြစ်၊ မြန်မာ သံဃာ (၁၅) ပါး ပါဝင်

ရွှေဟင်္သာ

ထိုင်းနိုင်ငံ ကျူလာလောင်ကွန် ရာဒ်ချ ဝိဒရာလိုင်ခေါ် ဗုဒ္ဓ တက္ကသိုလ် (Mahachulalongkorn Rajavidyalaya) ၌ တက်ရောက် ပညာ သင်ကြား နေသည့် စာသင်သား ရဟန်း တော်များ ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အစာ အဆိပ်သင့်မှု ဖြစ်၍ အပါး (၄၀) ဆေးရုံသို့ ပို့ဆောင် ကုသ ခဲ့ရကြောင်း စာသင်သား ရဟန်းတော် တစ်ပါး ဖြစ်သည့် အရှင် တေဇက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ အတည်ပြု ပြောကြားသည်။

“အရှင် ဘုရားတို့ နှစ်စဉ် တရားစခန်း ဝင်ရတာ ရှိတယ်၊ အဲဒီမှာ သံဃာတော် တွေက များတော့ ချက်ပြုတ်ဖို့ သိပ်အဆင် မပြေတော့ ညပိုင်း ကတည်းက စီစဉ် ထားတာ ၊ အဲဒီ ဆွမ်းက သိုးတဲ့ အနံထွက်နေပြီး မနက်မှာ ဘုဉ်းပေးမိတော့ အစာ အဆိပ်သင့်မှု ဖြစ်ပြီး ဆေးရုံကို ပို့လိုက်ရတယ်” ဟု အရှင် တေဇက ရွှေဟင်္သာ သတင်းဌာနအား အတည်ပြု ပြောသည်။

ထိုအစာ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည့် သံဃာ အပါး (၄၀) အနက် မြန်မာ သံဃာတော် (၁၅) ပါးခန့် ပါဝင် ခဲ့ကြောင်း သိရသည်။

ထိုကျူလာလောင်ကွန် ဗုဒ္ဓ တက္ကသိုလ်၌ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံမျာမှ စာသင်သား ရဟန်းတော် အပါး (၁၀၀၀) ကျော် တက်ရောက် ပညာ သင်ကြားလျက် ရှိရာ ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက်၌ ထမင်းကြော်နှင့် ပင်လယ်အစာ အား ဘုဉ်းပေးရာမှ ယခု ကဲ့သို့ အစာ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဆွမ်းဘုဉ်း ပေးခဲ့ပြီးနေက် ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လည် ပိုင်း၌ အစာ အဆိပ်သင့် ရောဂါအား စတင် ခံစား ခဲ့ရကာ ၊ ညနေ ပိုင်းအထိ အော့အန် ခြင်းနှင့် ဝမ်းလျှောခြင်း ဝေဒနာ များအား ဆက်တိုက် ခံစား ခဲ့ရသဖြင့် ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ၌ ဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူ စေခဲ့ ရကြောင်း အရှင် တေဇက ဆက်ပြောသည်။

“ရဟန်းတော် တွေက အဲဒီ ဆွမ်းကို ဘုဉ်းပေးပြီးတော့ အထက်လှန် အောက်လျော ဖြစ်ကြတာ၊ နောက်တော့ အခြေအနေ မကောင်းတော့ ဆေးရုံကို ပို့လိုက် ရတယ်၊ အဲဒီနေ့မှာ ဆွမ်းက နှစ်ခု ကပ်တယ် ၊ ထမင်းကြော်ကို အရင် ကပ်တယ်၊ နောက်မှ ဆန်ပြုတ် ကပ်တယ်၊ ဆန်ပြုတ် ဘုဉ်းပေးတဲ့ သံဃာ တွေက ဘာမှ မဖြစ်ဘူး၊ ပထမ ထမင်းကြော် ဘုဉ်းပေးတဲ့ ကိုယ်တော် တွေပဲ အစာ အဆိပ်သင့်မှု ဖြစ်တယ်” ဟု အရှင် တေဇက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသို့ အစာ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည့် သံဃာတော် များအား အယုဒ္ဓယ ဆေးရုံ ၊ ဝမ်ဝိုင် ဆေးရုံနှင့် ကျူလာလွန်ကွန် ဆေးရုံ များသို့ ခွဲ၍ ပို့ဆောင် ထားပါသည်။

လက်ရှိ၌ အစာ အဆိပ်သင့်သည့် ကိုယ်တော်များ စိုးရိမ် စရာ အနေအထား မရှိသော်လည်း ၊ ဆေးရုံ တက်ရောက်၍ ကုသမှု ခံယူ ခဲ့ရသည့် သံဃာတော် အပါ့ (၄၀) အနက် (၅) ပါးသား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ဆေးရုံမှ ဆင်းနိုင်ပြီး ကျန်သံဃာ တော်များမှာ သုံးရက်ခန့် ဆက်လက်၍ ဆေးရုံ၌ ကုသမှု ခံရဦးမည် ဖြစ်ကြောင်း အရှင် တေဇက ပြောသည်။

ကျူလာလောင်ကွန် ရာဒ်ချ ဝိဒရာလိုင်ခေါ် ဗုဒ္ဓ တက္ကသိုလ် (Mahachulalongkorn Rajavidyalaya) သည် ဗုဒ္ဓ ဘာသာ ဆိုင်ရာ ဓမ္မနှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ ပညာရပ် များကို သင်ကြား ပေးနေသည့် ထိုင်းနိုင်ငံ၌ ကျော်ကြားသည့် ဗုဒ္ဓ တက္ကသိုလ် တစ်ခု ဖြစ်ကာ ဒေသတွင်း နိုင်ငံ များမှ ရဟန်း၊ သံဃာများ လာရောက် ပညာ ဆည်ပူး ကြသည့် ဗုဒ္ဓ တက္ကသိုလ် တစ်ခု ဖြစ်သည်။

No comments: