Friday, December 12, 2014

ဆိုင်ကယ်ခိုးယူလာသူကို ဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ခြောက်မှု ထပ်မံပေါ်ပေါက်

ဖြိုးဝေလင်း

ဆိုင်ကယ်ခိုးယူမှု ကျူးလွန်ထားသူကို ဖမ်းဆီးစစ်ဆေးရာမှ ပြီးခဲ့သည့် သုံးလအတွင်း ဆိုင်ကယ်ခိုးမှု ခြောက်မှု ကျူးလွန်ထားသည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။

လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်အတွင်း နေထိုင်သည့် ပေါစံ(ခ) သန်းထိုက်ဇော်ကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်များ လိုက်လံခိုးယူနေသူသည် လက်ရှိစီးလာသည့် ဆိုင်ကယ်နှင့်ပက်သက်၍လည်း ပိုင်ဆိုင်မှုအထောက်အထားများ ပြသနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်ကို သိမ်းဆည်းကာ လှိုင်သာယာမြို့မရဲစခန်းက (ပ) ၁၇၉၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ယင်းနောက် ဆက်လက်စစ်ဆေးရာ ပေါစံ (ခ) သန်းထိုက်ဇော်သည် စက်တင်ဘာလအတွင်းက တည်းခိုခန်းရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်သုံးစီးနှင့် အောက်တိုဘာလအတွင်း ဆိုင်ကယ်တစ်စီး ခိုးယူထားခဲ့ခြင်း ဖြစ်သည်။ ယခုစီးလာသည့် ဆိုင်ကယ်မှာလည်း ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်များ လိုက်လံခိုးယူနေ သည့် ဇော်စိုးနှင့် ကျော်ကြီးတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်းတို့ နှစ်ဦးကို စုံစမ်းလျက်ရှိသည်။

No comments: