ခင်မြတ်မြတ်ဝေ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင် ဆိုသူများ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးရုံး၊ ဓမ္မာရုံနှင့် လူနေအိမ် ၁၅ လုံးကို အထက်အမိန့်ဟုဆိုပြီး နိုဝင်ဘာ ၂၅ ရက်က မြေတူးစက်ဖြင့် ထိုးကာ ဖျက်ဆီးခဲ့သည့် မြေများကို ပြန်လည်ရရှိအောင် ဆောင်ရွက်မည်ဟု DKBA မှ ဒုဗိုလ်ကြီးဆိုသူ စောမြင့်စိုးက နိုဝင်ဘာ ၄ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ယက်ရုံး၌ သတင်းထောက်များကို ပြောသည်။
"လာဖျက်တဲ့ညက အထက်အမိန့်လို့ပြောပြီး လာဖျက်တယ်။ ကျွန်တော်တို့ကို လာဖျက်တာ အိုးအိမ်၊ စည်ပင်၊ ထွေအုပ်ရုံးက လူအင်းအား၂၅၀ ရှိတယ်။ ကျွန်တော်တို့ကတော့ ဒီမြေကို ပြန်ရအောင် ဥပဒေအတိုင်းလုပ်မယ်၊ မတရားလုပ်တာ ဥပဒေအရရှင်းမယ်" ဟု ဒုဗိုလ်ကြီး စောမြင့်စိုးက ပြောသည်။
ယင်းကိစ္စနှင့် အဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်မှူးက "ဖျက်ဆီးတာ ဟုတ်ပါတယ်။ ဘက်ဖိုးနဲ့ ကျူးကျော်တွေဆိုပြီး ဖျက်တာ။ ကျွန်တော်တို့ အဖွဲ့က လုံခြုံရေးအရ လိုက်ခဲ့တယ်။ အဓိကက စည်ပင်က လုပ်တာပါ။ ကျူးကျော်တွေ မကျူးကျော်တာတော့ မသိဘူး။ မြို့နယ်မီးသတ်အဖွဲ့တွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်" ဟု ပြောသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီကို မဇ္ဈိမက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ဖျက်ဆီးခံ အဆောက်အအုံများရှိသည့် မြေများမှာ လယ်ယာမြေကို အခြားနည်းဖြင့် သုံးစွဲခွင့် လန ၃၉ ကျပြီးသည့် လယ်မြေများဖြစ်ပြီး ၂၀၁၂ ခုနှစ်က လယ်သမာများထံမှ ကာလပေါက်ဈေး တစ်ဧကလျှင် သိန်း ၁၂၀ နှုန်းဖြင့် ဝယ်ယူခဲ့သည်ဟု ၎င်းက ဆိုသည်။
"နိုင်ငံတော်က ပိုင်တယ်ဆိုရင် လယ်ခွန်ပြေစာတွေ ဆောင်ထားတဲ့ လယ်သမားတွေဆီက ကျွန်တော်တို့ ဝယ်လိုက်တယ် ပိုင်တယ်ဆို ရင် နိုင်ငံတော်ကို ဆောင်(အခွန်) ရမယ့်ဈေးနှုန်းနဲ့ ကျွန်တော်တို့ ဆောင်ပါမယ်" ဟု ဒုဗိုလ်ကြီး စောမြင့်စိုးကဆိုသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်း မြေတိုင်းရပ်ကွက် (၁၂၀၊ A)၊ ယခင်ကွင်းအမှတ် (၄၇၃)၊ ကံဝိုင်းကွင်း မြေများပေါ်တွင် DKBA က ဆိုသူများက ဝယ်ယူကာ ကွက်သစ်ဖော်၍ နေအိမ်နှင့် ရုံးစိုက်ထားခြင်း ဖြစ်သည်။
"ကျွန်မတို့နေတာ ပေ၄၀×၆၀ ကို ၈၅ သိန်းကို ၃ ရစ် ခွဲပေးရပါတယ်။ အခုအိမ်ဆောက်ထားတာ ရက်ပိုင်းပဲရှိသေးတယ်၊ အခုလို ဖျက်ခံလိုက်ရပြီး၊ ကျွန်မတို့မြေကို အဲဒီနေရာမှာပဲ ပြန်လိုချင်ပါတယ်" ဟု မြေဝယ်ထားသူ ဒေါ်အေးသီ ကပြောသည်။
ယင်းအဆောက်အအုံများကို ဖျက်သိမ်းပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် အာဏာပိုင်များက စာများ လာရောက်ကပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ဒု-ဗိုလ်ကြီး စောမြင့်စိုးက "သူတို့ဘက်ကပြန်မပေးဘူး။ ကြာနေမယ်ဆို နစ်နာတဲ့သူတွေကို ဝယ်ထားတဲ့တန်းဖိုးထက် မနစ်နာတဲ့ ငွေတွေကို လျော်သွားမယ်" ဟု ပြောသည်။
အိုးအိမ်များ ဖျက်ဆီးခံရသည့်အတွက် သိန်းပေါင်း ၂သောင်း၅ထောင်ခန့် ဆုံးရှုံးသွားသည်ဟု ၎င်းက ပြေသည်။
No comments:
Post a Comment