Tuesday, December 23, 2014

မြို့တော်ခန်းမကို ပိတ်ဆို့ ဆန္ဒပြသူများအား ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားဟု ဒု-တိုင်းရဲမှူးကြီးပြော

နန်းမြင့်

မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်နေသည့် မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူများကို ဒီဇင်ဘာ ၂၂ ရက်ကရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲမှူးကြီး ဝင်းဗိုလ်မှ မတရားတားဆီး ကန့်ကွက်ခြင်းနှင့် မတရားချုပ်နှောင်ထားခြင်းဆိုင်ရာ အမှုများဖြင့်အရေးယူထားကြောင်း ဆန္ဒပြသူများသို့ ပြောကြားခဲ့သည်။

မိကျောင်းကန်ဆန္ဒဖော်ထုတ်သူ ငါးဦးကို အသိပေးသည့် အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ခေါ်ယူအသိပေးအကြောင်းကြားခြင်းဖြစ်သည်ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆိုသည်။

“ရက်ကြာလာတဲ့အမျှ ပြစ်မှုတွေ တဖြည်းဖြည်းကြီးလာမယ်။ ပြစ်မှုကြီးလာတာနဲ့အမျှ မသိဘူးလို့ ဖြစ်မှာဆိုးလို့ ဘယ်နှစ်ရက်ဆိုရင် ဘယ်လောက် ပြစ်ဒဏ်တွေ ရှိတယ်ဆိုတာ ဥပဒေကြောင်း အရ ဖြေရှင်းဖို့ လာရောက်အကြောင်းကြားတာ ဖြစ်တယ်။ မိကျောင်းကန်ကို သပိတ်ကို ဖျက်သိမ်းသွားဖို့တော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

မိကျောင်းကန်ဆန္ဒပြအဖွဲ့များသည် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ဆူးလေစေတီဘေး စည်ပင်ဝန်ထမ်းများ ဝင်/ထွက်ပေါက်တွင် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှ စတင်၍ ယခုအချိန်အထိ ပိတ်ဆို့၍ အုပ်စုဖွဲ့အော်ဟစ်ခြင်း၊ ဖယောင်းတိုင်များ ထွန်းညှိကိုင်ဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်းများသည် ရန် ကုန်မြို့တော်နေအများပြည်သူများအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတား ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ပေးရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စီမံရေးရာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ဒီဇင်ဘာလ ၁၂ရက်က ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို ကျောက်တံတားမြို့နယ်ရဲစခန်းမှ သတင်းရေးတိုင်ချက်အမှတ် ၅၀၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၄၁၊ ၄၃၂၊ ၄၃၃တို့ဖြင့်အမှုဖွင့်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဥပဒေပြဌာန်းချက်အရ မတရားတားဆီး ကန့်ကွက်ခြင်းနှင့် မတရား ချုပ်နှောင်ထားခြင်းတို့အတွက် ပြစ်မှုဆိုင်ရာ ပုဒ်မ- ၃၄၁ အရမည်သူမဆို တစ်ဦး တစ်ယောက်သောသူကို မတရားတားဆီး ကန့်ကွက်လျှင် ထိုသူကို တစ်လထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးရာ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ-၃၄၂ တွင် မည်သူမဆို တစ်ဦး တစ်ယောက်သော သူကို မတရားချုပ်နှောင်ထားလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ် တစ်မျိုးတည်းကိုဖြစ်စေ၊ ကျပ် တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ-၃၄၃ တွင် မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို သုံးရက်သော်လည်းကောင်း၊ သုံးရက်ထက် ပို၍သော်လည်းကောင်း မတရားချုပ်နှောင်ထားလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးတည်း ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်ဟူ၍ လည်းကောင်း ပြဌာန်းထားသည်။

မိကျောင်းကန် သပိတ်စခန်းမှ ဒေါ်ခင်ခင်ဝင်းက “အခုလာတာက မြို့တော်ဝန်လာမယ်။ ဆွေးနွေးမယ်။ အခုတိုက်နေတဲ့အပေါ်မှာ တိကျတဲ့အဖြေရမယ်ဆိုလို့ လိုက်လာတာ။ ဒီရောက်တော့ ရဲမှူးကြီးတွေက အန်တီတို့က တရားဥပဒေနဲ့ ငြိစွန်းတယ်။ အန်တီတို့ နားမလည်တဲ့ ဥပဒေတွေကို ပြောပြပါတယ်။ အန်တီတို့ လုပ်ရမယ့်အလုပ် အန်တီတို့ ဆက်လုပ်မယ်။ အန်တီတို့က ဒီနေရာကနေ ဆက်တောင်းဆိုနေမယ်။ တရားစွဲမယ်ဆိုရင် အကုန်လုံးကို တရားစွဲဆိုပါ။ အကုန်လုံးလိုက်မယ်။ တိကျတဲ့ အဖြေမရရချင်း သပိတ်ဖျက်သိမ်းဖို့ မရှိဘူး” ဟုပြောသည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများသည် မြို့တော်ခန်းမရှေ့တွင် ညှိနှိုင်းမှု ပြုလုပ်ပေးရန် ဒီဇင်ဘာလ ၁၁ရက်က စတင်ပြီး လူအင်အား ၃၀ ကျော်ဖြင့် အရှိန်မြှင့်ကာ ဆက်လက်တောင်းဆိုလျှက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုခုနစ်ကြိမ်နှင့် သပိတ်စခန်းသုံးကြိမ် ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ခုနှစ် အောက်တိုဘာ ၂ ရက်က ၅ရက်တိုင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် သပိတ်စခန်းကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းသပိတ်စခန်းပိတ်သိမ်းပြီး သုံးလအကြာ ၂၀၁၄ ခုနှစ် မတ်လ ၂၄ ရက်က မဟာဗန္ဓုလ ပန်းခြံအနီးရှိ ရန်ကုန် တရားလွှတ်တော် ရုံးရှေ့တွင် သပိတ်စခန်း ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

No comments: