Saturday, December 27, 2014

လက်ပံတောင်းအကြမ်းဖက်မှုအတွက် ပြည်မြို့၌ ဖယောင်းတိုင်ထွန်းဆန္ဒပြ

ရေခဲ (ပြည်)

လက်ပံတောင်းတောင်စီမံကိန်းအတွင်း ပဋိပက္ခ၌ ဦးခေါင်းသေနတ်ဒဏ်ရာရ၍ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့တွင် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၇ဦးက ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့သည်။

ထိုနေ့ည ၇နာရီခွဲအချိန်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၇)ဦးသည် မီးထွန်းထားသော ဖယောင်းတိုင်များကို ကိုင်ဆောင်၍ ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်ချီတက်ခဲ့ပြီး ပြည်မြို့ ရွှေဆံတော်ဘုရား မြောက်စောင်းတန်းတွင် ဆုတောင်းကာ ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

“ဒေါ်ခင်ဝင်းသည် နောက်နောင်ဘဝမှာ မကောင်းတဲ့အစိုးရ လက်အောက်က အနိုင်ကျင့် ရက်စက်မှုတွေနဲ့ မသေပါရစေနဲ့။ မင်းကျင့်တရားငါးပါးနဲ့ညီတဲ့ မင်းအုပ်ချုပ်တဲ့နိုင်ငံမှာ လူဖြစ်ပါစေလို့ ဆုတောင်းခဲ့တယ်” ဟုလည်း ဆန္ဒပြဆုတောင်းရာတွင် ပါဝင်သူ ကိုမျိုးသူထွဋ်က ပြောသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ပြည်ခရိုင်အတွင်းရှိ လူမှုအဖွဲ့များ အစည်းအဝေးပြုလုပ်ကာ လက်ပံတောင်းတောင်ဒေသ ပစ်ခတ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုကာ ဒီဇင်ဘာ ၂၆ ရက်တွင် လူမှုအဖွဲ့များက လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုဦးမည်ဟုလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ကျော်ဦးကပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးတိုးမြှင့်ခတ်ထားမှုကို တားဆီးသည့် ဒေသခံ တောင်သူများကို လုံခြုံရေးရဲများနှင့် ကုမ္ပဏီ ဝန်ထမ်းများက တားဆီးရာမှ ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်က ပဋိပက္ခဖြစ်ပွားခဲ့သည်။ ပဋိပက္ခအတွင်း သေနတ်မှန်ကာ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။

No comments: