Sunday, December 21, 2014

အိမ်ဖယ်ရှားရန် စာပို့ခံသူများက မန္တလေးတိုင်း အစိုးရနှင့် မြို့တော်ဝန်တို့ထံ စာတင်မည်

အောင်ကိုဦး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အကွက် (၃၀) လင်းဇင်းရပ်ကွက်ရှိ လူနေအိမ် ၃၃ လုံးကို စည်ပင် သာယာရေး ကော်မတီက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းခြင်းကို ရပ်ကွက်သူ၊ ရပ်ကွက်သား ၅၀၀ ဦးကျော် လက်မှတ်ထိုးပြီး ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် မြို့တော်ဝန်ထံ တင်ပြသွားမည်ဟု ရပ်ကွက်သူ၊ ရပ်ကွက်သားများက မဇ္ဈိမကို ပြောသည်။

၎င်းတို့နေအိမ်များ ဖယ်ရှားမခံရရေးအတွက် အဆောက်အအုံနှင့်ကုန်ရုံဌာနသို့ သွားရောက်တွေ့ဆုံပြီး ၂၃ ရက်တွင် တိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ထံ တိုင်ကြားစာများ ပေးပို့မည်ဖြစ်သည်။

အဆိုပါ လင်းဇင်းရပ်ကွက်သည် မင်းတုန်းမင်းလက်ထက် ကပင်တည်ရှိခဲ့ပြီး နန်းတွင်းအမှုတော်ထမ်းများ နေထိုင်လာသော ရပ်ကွက်ဖြစ်၍ နှစ်ပေါင်းရာကျော် နေထိုင်ခဲ့သူများဖြစ်ပြီး တချို့မှာ အိမ်ဂရန်များ ရှိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ တိုင်ကြားစာတင်ဖို့ လက်မှတ်ထိုးတာတွေကောက်နေတယ်။ အကုန်ပြီးသလောက်ရှိသွားပြီ တင်ရုံပဲ ကျန်ပါတော့တယ်။ အဆုံးစွန်ထိ လုပ်သွားမယ်။ ကျွန်တော်တို့ရပ်ကွက်ကို ကျူးလို့ ပြောတာလည်း လက်သင့်မခံဘူး။ အိမ်တွေလာကြည့်ပါ။ အခုမှ ဆောက်ထားတာ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက်နေ ထိုင် လာကြတာပါ။ အရပ်ထဲမှာရှိတဲ့ တိုက်တွေကလည်း သူတို့ဆီမှာ ဆောက်မိန့်တင်ပြီးမှ ဆောက်ကြ တာပါ။ အဲဒီကတည်းက ကျူးဆိုရင် ဆောက်မိန့်ချမပေးနဲ့ဗျာ။ အခုကျမှလာပြီး ကျူးပါဆိုပြီး ဖျက်ခိုင်းတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု လင်းဇင်းရပ်တွင် နေထိုင်သူ ဦးဝင်းအောင်က မဇ္ဈိမကို ပြောသည်။

၇၆လမ်းနှင့် လမ်းသစ် (၃)လမ်းမပေါ် ရှိ လင်းဇင်းရပ်ကွက်ရှိ နေအိမ် ၃၃ လုံး ကို စည်ပင်သာယာရေး ကော်မတီက ဖယ်ရှားခိုင်းခြင်းသည် အငြိမ်းစားတပ်မတော် ၀န်ထမ်းတစ်ဦးကြောင့်ဟု ရပ်ကွက်သူ၊ ရပ် ကွက်သားများက တညီတညွတ်တည်း စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဥပုသ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုအောင်စိုးထိုက် “ရပ်ကွက်အတွက် မားမားမတ်မတ်နဲ့ ဥပဒေဘောင်ထဲက ကူညီသွားမယ်။ ဖြစ်စဉ်အမှန်အတိုင်းသိဖို့လည်း အထက်ကို သတင်းတင်ပြီးပြီ။ ရပ်မိရပ်ဖတွေ စိုးရိမ်နေတယ်ဆိုတော့ သူတို့ရှေ့မှာ ငါရှိမယ်။ ငါတတ်နိုင်သလောက် ငါ့ရပ်ကွက်ကို ငါစောင့်ရှောက်သွားမယ်” ဟု မဇ္ဈိမကို ပြောကြားသည်။

No comments: