Wednesday, December 10, 2014

တောင်သာနယ်ရှိ လင်မယားကို ယူနန်ပြည်နယ်မှ အမျိုးသမီးနှစ်ဦးက ကျပ်သိန်း ၅၀၀ဖြင့် ပြန်ပေးဆွဲ

မြတ်သူ

တောင်သာမြို့နယ်၊ ဇဂျမ်းကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်ဖုန်းမြို့နေ အမျိုးသမီး နှစ်ဦးတို့က အလုပ်ကိစ္စအကြောင်းပြကာ ကျန်ဖုန်းမြို့သို့ ခေါ်ဆောင်သွားပြီး ကျပ်သိန်း ၅၀၀ ဖြင့် ပြန်ပေးဆွဲထား သည်ဟု ပြန်ပေးဆွဲခံရသူ၏ မိခင်ဒေါ်ဝင်းတင်က ပြောသည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မှာ တရုတ်ပြည်၊ ကျန့်ဖုန်းမြို့မှာနေတဲ့ မစန်းမေနဲ့ မစုစုတို့က အလုပ်ကိစ္စ ဆွေးနွေးဖို့ဆိုပြီး လာခေါ်သွား တယ်။ နောက်နှစ်ရက်ကြာတော့ သားမက်ဖြစ်တဲ့ မောင်သက်ဆွေက ဖုန်းဆက်လာတယ်။ သူတို့ နှစ်ယောက်ကို ဖမ်းထားတယ်။ သိန်း ၅၀၀ နဲ့ရွေးမှ ပြန်လွှတ်မယ်။ မရွေးရင် သတ်ပစ်မယ်လို့ ပြောတယ်။ သူတို့ကို ဖမ်းထားတဲ့နေရာလည်း သူက ပြောပြတယ်” ဟု ၎င်းက ပြော သည်။

ပြန်ပေးဆွဲခံရသူ သားမက်ကိုသက်ဆွေနှင့် သမီး မသန်းသန်းဌေးတို့ကို ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့ရှိ ရဲစခန်းနှစ်ခု အကြား၊ တရုတ် လ၀က ရုံးအနီး ထမင်း ဆိုင်ဘေးရှိ လေးထပ်တိုက် အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် ပိတ်လှောင်ထား ပြီး ၎င်းတို့အားခေါ်သွားသည့် မစန်းမေက ဖုန်းပေးပြီး ငွေတောင်း ခိုင်းကြောင်း သားမက်ဖြစ်သူ ကိုသက်ဆွေက ပြောသည်ဟုလည်း ဒေါ်ဝင်းတင်က ရှင်းပြသည်။

ထိုသို့  ဖုန်းအဆက်အသွယ်ရသည်နှင့် ဒေါ်ဝင်းတင်က သက်ဆိုင်ရာ တောင်သာမြို့ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့သော်လည်း ရဲစခန်းက အမှုဖွင့်လက်မခံ၍ နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည် တော်ရှိ ရဲချုပ်ထံ အကူအညီပေးနိုင်ရန် တိုင်ကြား ထားပြီး ပြည်ထဲရေး ဝန်ကြီးထံ မိတ္တူပေးပို့ အသနားခံထားသည်။

No comments: