နိုင်နိုင်ဇော်
အများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီကို ကျပ်ငွေဘီလီယံ ၅၀ ဝန်းကျင်ဖြင့် စတင်ရန်စီစဉ်နေပြီး အစိုးရပိုင်းမှ ၁၀ ဘီလီယံထည့်ဝင်ရန် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အကြံပေး ဒေါက်တာ မောင်အောင်က ပြောသည်။
အစိုးရနှင့် ပုဂ္ဂလိက ကားလုပ်ငန်းရှင်များ စုပေါင်းတည်ထောင်မည့် ယင်းအများပိုင် ကုမ္ပဏီအတွက် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွားမည်ဟု အများပြည်သူသွားလာမှု အဆင်ပြေရေး အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရဝန်ကြီးဌာနများက ပြောသည်။
ဒေါက်တာမောင်အောင်က “ဒီခေတ်ဈေးနဲ့ ဘတ်စ်ကားတစ်စီးတောင် ဒေါ်လာ တစ်သိန်းခွဲလောက် ရှိတဲ့အတွက် အများပိုင်ကုမ္ပဏီကို ကျပ်ငွေဘီလျံ ၅၀ ဝန်းကျင်လောက်နဲ့ စဖို့တော့ရှိတယ်။ ဒီထဲမှာ အစိုးရပိုင်းက ၁၀ ဘီလီယံလောက် ပါမှာပါ” ဟု ဆိုသည်။
သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီအတွက် လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ ပါဝင်ရေး အတွက် ဖိတ်ခေါ်သွားမည်ဖြစ်ခြင်းကြောင့် လိုအပ်သောဥပဒေများကိုလည်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က “သယ်ယူပို့ဆောင်ရေးကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းတဲ့အချိန်မှာ ဥပဒေမရှိရင် မဖြစ်တဲ့အတွက် မနက်ဖြန် တိုင်းဒေသကြီး လွှတ်တော်တင်ပြီး ကိုယ်စားလှယ်တွေနဲ့ အကျေအလည်ဆွေးနွေးမှာ ပါ။ ကျောင်းကား ကိစ္စတွေလည်း ဥပဒေတင်ချိန်မှာ ထည့်သွင်းဆွေးနွေးမယ်” ဟု ဆိုသည်။
အများပိုင် ကုမ္ပဏီ ပေါ်ပေါက်လာပါက မြို့တွင်းသယ်ယူပို့ဆောင်ရေး စနစ်တွင် ပြေးဆွဲမည့် မော်တော်ယာဉ်များတွင် လေအေးပေးစက်နှင့် ကားကြံ့ခိုင်မှုပိုင်း စိတ်ချရသည့် အဆင့်မြင့် ဘတ်(စ်) ကားများကိုသာ ပြေးဆွဲသွားမည်ဟုလည်း ယင်းစနစ်အကောင်အထည်ဖော်နေသည့် ပညာရှင်များက ပြောသည်။
မြို့တွင်းသယ်ယူပိုဆောင်ရေးစနစ်အား အများပိုင်းကုမ္ပဏီဖြင့်လုပ်ကိုင်စဉ် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများဖြစ်သည့် ပြည်လမ်း၊ အင်စိန်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဘုရင့်နောင်လမ်းအစရရှိသော လမ်းမကြီးများတွင် စတင်စမ်းသပ် ပြေးဆွဲသွားမည် ဟုလည်း ဒေါက်တာ မောင်အောင်က ပြောသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်း အဆင့်မြှင့်တင်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန် မြို့တွင်းရှိ မီးပွိုင့်များကိုလည်း လက်ဖြင့်ထိန်းချုပ် သည့် စနစ်မှ အလိုအလျောက် ထိန်းချုပ်သည့် စနစ်များကို အဆင့်မြှင့်တင်ရန် စီစဉ်နေပြီဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ထည့်သွင်းပြောသည်။
No comments:
Post a Comment